မြိတ်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်လုပ်လာ

0
2692

မြိတ်မြို့၊ တရုတ်တန်းရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ရပ်ကွက်များတွင် ဧည့်စာရင်း စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂၉ ရက်ညက တရုတ်တန်းရပ်ကွက် ကေတီဗွီတွင် ဆိုင်ရှင် ၏ မိသားစုဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပစ်ခတ်သူ သုံးဦးမှာ ထွက်ပြေးသွားကြောင်း မြို့ခံများက ပြောသည်။

ယင်းညမှစတင်ကာ ကလွင်၊ ရေပုန်း၊ ရွှေပြည်တန်၊ မြိတ်တောင်၊ မြို့သစ်၊ တိုးချဲ့ စသည့် ရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု မြို့ခံများက ဆိုသည်။

“ညကလည်း ကျွန်တော်တို့ဖက်မှာ စစ်တာ။ လမ်းကြိုလမ်းကြားတောင် မချန်ဘူး။ အိမ်ပေါက်စေ့ကိုစစ်တာ” ဟု မြို့သစ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက Dawei Watch သို့ ပြောသည်။

လာရောက်စစ်ဆေးစဉ် ရပ်ကွက်လူကြီးနှင့် ရဲတပ်ဖွဲ့အပါအဝင် လူဦးရေနှစ်ဆယ်ကျော် ပါဝင်သည်ဟု ၎င်းက ပြောဆိုသည်။

“သူတို့လိုချင်တဲ့သူကို စာရင်းရထားလို့ လိုက်ရှာနေပုံရတယ်” ဟု ဇေယျာသီရိရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ရပ်ကွက်အချို့တွင်သာ ဧည့်စာရင်းစစ်ဆေးခဲ့ပြီး ယခုလိုရပ်ကွက်အများစုတွင် စစ်ဆေးသည်ကို မကြားဖူးဟု မြို့ခံအချို့က ပြောသည်။

ဧည့်စာရင်းစစ်ဆေးမှုအတွင်း ဖမ်းဆီးခံရမှု ရှိမရှိ အခြေအနေကိုမူ မသိရသေးပါ။

ညဖက်ဧည့်စာရင်း စစ်ဆေးမှုအပြင် မြိတ်မြို့အဝင် ကျွဲကူးတံတား၊ မြို့အဝင်လမ်းဆုံ၊ ကမ်းရိုးတန်းစစ်ဌာနချုပ် လမ်းဆုံ၊ မြို့ပတ်လမ်း၊ လေယာဉ်ကွင်းလမ်း၊ လှေဆိပ်၊ ကမ်းနားလမ်းနှင့် မြို့တွင်း လမ်းဆုံနေရာအနှံ့တွင်လည်း
ကား၊ ဆိုင်ကယ် စသည့်တို့ကို ရပ်တန့်ခိုင်းကာ စစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်နေကြောင်း မြို့ခံများက ဆိုသည်။

“ဒီနေ့လည်း လေယာဉ်ကွင်းဖက်နဲ့ လမ်းမှာ လုံခြုံရေးတွေ အများကြီးယူထားတာ တွေ့ရတယ်။ လူကြီးလမ်းကြောင်းလားတော့မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

မြိတ်မြို့တွင် ရပ်ကွက် ၁၂ ခုရှိသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် စစ်ကောင်စီသတင်းပေးများသည် တစ်လအတွင်းနောက်ဆုံး နုတ်ထွက်ပေးရန် မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဇန်နဝါရီလ ၅ ရက်နေ့စွဲဖြင့် ထုတ်ပြန် သတိပေးထားသည်။