ထိုင်းတွင် မြန်မာမိန်းကလေးတစ်ဦး ဓားထောက်အဓမ္မပြုကျင့်ခံရ

0
2724
Photo: สถานีตำรวจภูธรสาขลา

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသားတစ်ဦးက အလုပ်လျှောက်ပေးမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး ဓားထောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖူထောင်စာခလာ ရဲစခန်းက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၆ ရက် ည ၉ နာရီခန့်တွင် မြန်မာမိန်းကလေးတစ်ဦးက အဆိုပါဖြစ်စဉ်ကို စမွတ်ပရကန်ခရိုင် စာခလာရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာမိန်းကလေး၏ သက်သေထွက်ဆိုမှုအရ CCTV ကင်မရာများမှတစ်ဆင့် ကျူးလွန်သူ အသက် ၂၄နှစ်အရွယ် ထိုင်းနိုင်ငံသားကို ခြေရာခံလိုက်လံစစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၇ရက် ညနေ ၆နာရီခန့်တွင် နေအိမ်အတွင်း ဖမ်းမိခဲ့ ကြောင်း ရေးသားထားသည်။

အဆိုပါထိုင်းနိုင်ငံသားသည် အလုပ်လျှောက်ပေးမည်ဟုဆိုကာ မြန်မာမိန်းကလေးအား ဝတ်ခေါင်စန်ဘုန်းကြီးကျောင်း ရှေ့တွင် ကားဖြင့် လာရောက်ကြိုခဲ့ပြီးနောက် မြေကွက်လပ်တစ်ခုသို့ လိမ်လည်ခေါ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။

ထို့နောက် မြန်မာမိန်းကလေးကို ဓားထောက်၍ အတင်းအဓမ္မပြုကျင့်ခဲ့ပြီးနောက် အဝတ်အစားအားလုံး ချွတ်ခိုင်းကာ ရေကန်တစ်ခုထဲသို့ ဆင်းခိုင်းခဲ့ပြီး ၎င်းမှာ ကားဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အခင်းဖြစ်နေ့က စီးလာသည့် Toyota ကားတစ်စီး၊ ထိုင်းနိုင်ငံသား၏ဖုန်း၊ မြန်မာမိန်းကလေး၏ဖုန်း၊ ခြောက်လက် မရှိသော ဓားတို့ကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားသည်။

အခင်းဖြစ်နေ့ရက်ကိုမူ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မတွေ့ရပေ။

အဓမ္မပြုကျင့်မှုနှင့် လက်နက်ဖြင့် ခြိမ်းခြောက်မှုများဖြင့် ထိုင်းနိုင်ငံသားကို အမှုဖွင့်ထားပြီး ဆက်လက်အရေးယူ သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြသည်။

အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သဖြင့် အလွယ်မယုံကြည်ရန် ဖူထောင်စာခလာရဲစခန်းက သတိပေးထားပြီး အကူအညီလိုပါက အရေးပေါ်ဖုန်းနံပါတ် 191 သို့မဟုတ် 024524040 သို့ဆက်သွယ်နိုင်ကြောင်း ဖော်ပြပါရှိသည်။