တိုင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိဟုဆို

0
2811

ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ငွေကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၇ ရက်က ထားဝယ်မြို့ ဥသာရံတိုးချဲ့ရပ်ကွက်၊ ကမ်းနားလမ်းတွင် ထော်လာဂျီတစ်စီးနှင့်အတူ တွေ့ရှိသည့် အသက် ၂၅နှစ်ရှိ အမျိုးသားတစ်ဦးအား စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ယင်းသို့စစ်ဆေးရာ ထော်လာဂျီပေါ်ကက စိတ်ကြွရူးသွပ်ဆေးပြား ၉၅၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဆေးပါးမှာ တစ်ပြားလျှင် ဒေသကာလပေါက်ဈေး ၂၅၀၀ ကျပ်ဖြင့်တွက်ချက်ကာ စုစုပေါင်း ကျပ် ၂၃၇၅ သိန်း ဖိုးတန်ဖိုးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားနှင့် ဆက်နွယ်နေသည့် အသက် ၄၆ နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၄၄ နှစ်ရှိ အမျိုးသမီးတို့အား ထပ်မံဖမ်းမိခဲ့သည်ဟုလည်း ပါရှိသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင်လည်း မြိတ်မြို့ တောရကျောင်းအနီး၌ လမ်းလျှောက်လာသည့် အသက် ၄၁နှစ်အရွယ် အမျိုးသား နှစ်ဦးအားစစ်ဆေးခဲ့ရာ တစ်ဦး၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား ဖမ်းမိသည်ဟု ဆိုသည်။

ဆေးပါးတစ်ပြားလျှင် ဒေသကာလပေါက်ဈေး ကျပ် ၃၀၀၀ တွက်ချက်ထားသဖြင့် စုစုပေါင်း ကျပ်သိန်း ၉၀၀ ဖိုးတန်ဖိုးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းနောက် ကွင်းဆက်အဖြစ် ပသောင်းကျေးရွာနေ အသက် ၃၆ နှစ်ရှိ အမျိုးသားတစ်ဦး၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ ထပ်မံဖမ်းမည်ကြောင်း ရေးသားထားသည်။

တန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၃၆၀၀ တန်းဖိုးရှိကြောင်း ဖော်ပြပါရှိသည်။

နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၄၅၀၀၀၊ တန်ဖိုးအားဖြင့်ငွေကျပ် ၆၈၇၅ သိန်း ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသူတို့အား သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတို့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ဖော်ပြသည်။