ဘုရားကျောင်းလာသည့် သားအဖကို ပျူစောထီးအဖွဲ့ကပစ်ခတ်၊ သားဖြစ်သူ ဒဏ်ရာပြင်းထန်

0
3922
မင်းသားကျေးရွာသွား-လမ်းပိုင်တစ်နေရာ

ခရစ်ယာန်ဘုရားကျောင်း လာတက်သည့် သားအဖနှစ်ဦးကို ပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်၍ သားဖြစ်သူ ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပစ်ခတ်ခံရသူသားအဖနှစ်ဦးမှာ ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ မိုင် ၆၀ ကျေးရွာတွင် အလုပ်လုပ်ကိုင်နေသူ ဦးမင်းလတ်နှင့် သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်ဩနေသ တို့ဖြစ်သည်။

မိုင် ၆၀ ကျေးရွာမှ မင်းသားကျေးရွာဘုရားကျောင်းသို့အလာ ယနေ့ (ဇန်နဝါရီ ၂၉) နံနက် ၉ နာရီခွဲခန့်တွင် ပျူစောထီးဟု ခေါ်ဆိုသည့် ပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

မင်းသားကျေးရွာရှိ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့က ဆိုင်ကယ်ရပ်ခိုင်းသည်ကို ရပ်မပေးသောကြောင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

“မနက် ၉ နာရီလောက် သေနတ်သံသုံးချက်ကြားတယ်။ မနက် ၉ နာရီဆို ရွာမှာက အစောကြီးရှိသေးတယ်။ ခါတိုင်းလည်း ပြည်သူ့စစ်တွေက သေနတ်ဖောက်နေကြဆိုတော့ အဲလိုပဲထင်နေတာ။ ပြီးမှ လူထိသွားပြီဆိုပြီး ရွာကလူနာတင်ယာဥ်နဲ့ တင်သွားတယ် “ ဟု မင်းသားကျေးရွာ ရွာသားတစ်ဦးကပြောသည်။

ပစ်ခတ်ခံရချိန် ဆိုင်ကယ်မောင်းနေသည့် ဖခင်မှာထိမှန်ခြင်း မရှိသော်လည်း အနောက်ကထိုင်လိုက်လာသည့် သားဖြစ်သူတွင်မူ ဦးခေါင်းနှင့်လည်ပင်းကို ထိမှန်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ယင်းနောက် မောရဝတီရေတပ်ဆေးရုံမှတစ်ဆင့် ထားဝယ်ဆေးရုံသို့တင်ပို့ပြီး အရေးပေါ် ကုသနေရကြောင်း ၎င်းကဆိုသည်။

“ခြေအနေသိပ်မကောင်းဘူးလို့ ကြားရတယ်” ဟု အခြားဒေသခံတစ်ဦးကဆိုသည်။

ပစ်ခတ်ခံရသူမိသားစုသည် ကံပေါက်ဒေသအနီးရှိ အိန္ဒရာဇာကျေးရွာအုပ်စု ဆင်ကူးရွာခံများဖြစ်ပြီး ကလိန်အောင်မြို့၊ မိုင် ၆၀ ကျေးရွာတွင် ဥယျာဉ်ခြံလုပ်ငန်းသွားရောက် လုပ်ကိုင်နေသူများဖြစ်သည်။

တနင်္ဂနွေနေ့တိုင်း မင်းသားကျေးရွာ ဘုရားကျောင်းသို့ပုံမှန်လာရောက် ဝတ်ပြုဆုတောင်းလေ့ရှိကြောင်း ဒေသခံအချို့ကဆိုသည်။

စစ်ကောင်စီက ကံပေါက်ကျေးရွာတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသော်လည်း အနီးနားကျေးရွာများတွင်မူ ဆိုင်ကယ်စီးခွင့်ရှိကြောင်း ဒေသခံများကဆိုသည်။

“ကံပေါက်ကိုသွားမယ်ဆိုရင်တော့ ဆိုင်ကယ်နဲ့မသွားဖို့ ပြောထားတယ်။ ကျန်ရွာတွေသွားမယ်ဆိုရင်တော့ ဆိုင်ကယ်စီးလို့ရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ကံပေါက်ဒေသအနီးဝန်းကျင်ရှိ နတ်ကြီးစင်၊ မင်းသား စသည့်ကျေးရွာတို့မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့က ယင်းကဲ့သို့ ပြောဆိုထားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ကံပေါက်ကျေးရွာတွင်မူ ဆိုင်ကယ်စီးခွင့်ပိတ်ထားသည်မှာ ‌၄ ရက်မြောက်ရှိလာပြီဖြစ်သည်။