တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2872

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ

လူတစ်သိန်း၊ ကျပ်သိန်းတစ်ထောင်ရှိမှ ပါတီထောင်ခွင့်ရမည်

Photo – AFP

ပါတီဝင်ဦးရေ တစ်သိန်း၊ ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ရှိရမှ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရမည်ဖြစ်ပြီး လက်ရှိတည်ဆဲပါတီများလည်း ပါတီမှတ်ပုံမတင်လျှင် အလိုအလျောက်ဖျက်သိမ်းခံရတော့မည်ဖြစ်သည်။

စစ်ကောင်စီက ဇန်နဝါရီလ ၂၆ရက်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် အထက်ပါကန့်သတ်ချက်များထည့်သွင်းလာခြင်းဖြစ်သည်။

ဥပဒေပြဋ္ဌာန်းပြီး ရက် ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကြရမည်ဖြစ်ပြီး လက်ရှိတည်ဆဲ နိုင်ငံရေးပါတီများလည်း မှတ်ပုံ အသစ်ပြန်မတင်လျှင် အလိုလိုဖျက်သိမ်းခံရမည်ဟု ဖော်ပြသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ စ၍ ရက်ပေါင်း ၉ဝအတွင်း ပါတီဝင် အနည်းဆုံး တစ်သိန်း စည်းရုံးရမည်ဖြစ်ပြီး ပါတီရန်ပုံငွေကို ကျပ်သိန်းတစ်ထောင် ပြရမည်ဟုဆိုသည်။ ယင်းအပြင် ရက်ပေါင်း ၁၈ဝအတွင်း တစ်နိုင်ငံလုံးရှိ အနည်းဆုံး မြို့နယ်ထက်ဝက် (အနည်းဆုံး ၁၅၀) တွင် ပါတီရုံးဖွင့်ရမည်ဟု ဆိုသည်။

ယင်းမှာ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီများအတွက် သတ်မှတ်ချက် ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုခုတွင် စည်းရုံးမည့်ပါတီဆိုလျှင် ပါတီဝင် အနည်းဆုံးတစ်ထောင်၊ ရန်ပုံငွေ ကျပ်သိန်း တစ်ရာ၊ အနည်းဆုံး ငါးမြို့နယ်တွင် ပါတီရုံးခန်းဖွင့်ရမည်ဟု ကန့်သတ်လာသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရလက်ထက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေတွင် ပါတီဝင် အနည်းဆုံး တစ်ထောင်၊ ရန်ပုံငွေ ကျပ်ငါးသိန်းသာ သတ်မှတ်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်တို့တွင် ပါတီဝင် ငါးရာသာ သတ်မှတ်သည်။ စစ်ကောင်စီ၏ ယခုဥပဒေသစ်မှာ နိုင်ငံရေးပါတီများအတွက် ကန့်သတ်ချက်များစွာ တိုးလာခြင်းဖြစ်သည်။

ယခုဥပဒေအရ အင်အားကြီးပါတီအချို့သာ ရပ်တည်နိုင်တော့မည်ဖြစ်ပြီး ပါတီမှတ်ပုံပြန်တင်ရမည်ဆိုသည့် အချက် အရ NLD ပါတီကို အလိုအလျောက်ဖျက်သိမ်းသွားမည့်သဘောရှိနေသည်ဟုလည်း ထောက်ပြမှုများ ရှိနေသည်။ ယင်းအပြင် ပါတီအများစု ဖျက်သိမ်းခံရနိုင်သည်။

ယခုနှစ်အတွင်း စစ်ကောင်စီက ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကိုလည်း ကန့်ကွက်မှုများစွာ ရှိနေပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ကလည်း ဆန့်ကျင်ကန့်ကွက်နေသည်။

………………………………..

အာဏာသိမ်းကာလ မြန်မာတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမြင့်လာ

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ခုနစ်နှစ်ကြာကျဆင်းနေရာမှ အာဏာသိမ်းကာလတွင် ပြန်လည်မြင့်တက် လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ဇန်နဝါရီလ ၂၆ရက်က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

၂၀၂၂ ခုနှစ်တွင် မြေဟတ်တာ လေးသောင်းကျော် ဧကအားဖြင့်ဆိုလျှင် တစ်သိန်းနီးပါးအထိ စိုက်ပျိုးမှုရှိလာပြီး အာဏာမသိမ်းခင်ကနှင့် နှိုင်းစာလျှင် သုံးပုံတစ်ပုံ (၃၃ ရာခိုင်နှုန်း) ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဘိန်းထွက်ရှိမှုမှာလည်း ၂၀၂၁ တွင် တန် ၄၂၀ကျော် ထွက်ရှိရာမှ ၂၀၂၂ တွင် တန် ၇၉၀ ကျော်ရှိလာသဖြင့် နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။

ဘိန်းအပါအဝင် မူးယစ်ဆေးဝါးရောင်းချမှုတန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ ရှိနေသည်ဟု လည်း အစီရင်ခံစာတွင် ဖော်ပြသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စီးပွားရေးကျပ်တည်းခြင်း၊ လက်နက်ကိုင် ပဋိပက္ခမြင့်တက်လာခြင်းတို့ကြောင့် မလုံခြုံခြင်း၊ အုပ်ချုပ်ရေးလျော့ရဲသွားခြင်းနှင့် ကမ္ဘာ့ဘိန်းဈေးကွက် ကြီးထွားလာမှုတို့ကြောင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကြီးထွားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘိန်းစိုက်ပျိုးမှုလျော့ကျစေရန် ဘိန်းအစားထိုး စီမံချက်များမှာလည်း အာဏာသိမ်းပြီးနောက်တွင် လျော့ကျသွားသဖြင့် တောင်သူများ ဘိန်းစိုက်ပျိုးသည့်ဘက်သို့ ပြန်လှည်လာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ခဲ့ပြီး ချင်း၊ ကယားတို့တွင်လည်း တိုးလာခဲ့သည်။

………………………………..

တိုက်ပွဲပြင်းထန်ခဲ့သည့် ကျုံဒိုးနှင့် ဘုရားသုံးဆူမြို့

ပုံစာ – ကျုံဒိုးတိုက်ပွဲတွင် မီးလောင်မှုမြင်ကွင်း

ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးနှင့် ဘုရားသုံးဆူမြို့ပေါ်တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့သဖြင့် နေအိမ်များ မီးရှို့ခံရသလို ဒေသခံထောင်နှင့်ချီလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ကျုံဒိုးမြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး သုံးရက်ဆက်တိုက် တိုက်ပွဲများပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်း လူနေရပ်ကွက်များ၊ ကျေးရွာများထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ နေအိမ်များ လည်း မီးလောင်ခြင်း၊ မီးရှို့ခံရခြင်းတို့ကြောင့် ပျက်စီးမှုများရှိခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းဖြင့်လည်း ပစ်ခတ်ခဲ့သဖြင့် မီးလောင်မှုများရှိခဲ့ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

မြို့အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာ ကျေးရွာများအပြင် ကော့ကရိတ်၊ မော်လမြိုင်၊ ဘားအံဘက်သို့လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဘုရားသုံးဆူမြို့တွင်လည်း ဇန်နဝါရီလ ၂၃ ရက် ညတွင် တိုက်ပွဲဖြစ်ခြင်းဖြစ်သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံးနှင့် စည်ပင်ရုံးတို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဝင်ရောက် စီးနင်းတိုက်ခိုက် မီးရှို့ခဲ့သည်။

ယင်းနောက် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲ ဆက်လက်ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်ခဲ့ကြပြီး မြို့ခံအချို့မှာ ထိုင်းဘက်ကမ်းသို့ပင် တိမ်းရှောင်ခဲ့ကြသည်။

………………………………..

လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေဆဲ

ပုံစာ – မင်းတပ်မြို့နယ် ပလိပ်ထွီရွာ တိုက်ခိုက်ခံရမှုမြင်ကွင်း။

စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာပြီး ယခုသီတင်းပတ် တွင်လည်း ချင်း၊ ကရင်ပြည်နယ်တို့နှင့် စစ်ကိုင်း၊ မကွေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ သည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် ပလိပ်ထွီရွာ ဇန်နဝါရီလ ၂၃ရက်က လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည်။

ယင်းတိုက်ခိုက်မှုတွင် မင်းတပ်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းများစီမံခန့်ခွဲမှုကော်မတီ၏ ယာယီအထိုင်ရုံး ဖွင့်ထား သည့် ရွာဘုန်းကြီးကျောင်းကို ဗုံးထိမှန်ခဲ့သည်။ ကော်မတီအဖွဲ့ဝင်များ ဒဏ်ရာရကာ တိမ်းရှောင်ခဲ့ရသဖြင့် ကူညီရေး လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။

ဇန်နဝါရီလ ၂၂ ရက် မင်းတပ်မြို့နယ် ဝမ္မကူးရွာတွင်လည်း လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံအချို့ ဒဏ်ရာ ရခဲ့သေးသည်။

ကရင်ပြည်နယ် ကျုံဒိုးမြို့တိုက်ပွဲတွင်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် လူနေအိမ်များ ပျက်စီးခဲ့သည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းရွာ ဇန်နဝါရီလ ၂၁ ရက် လေကြောင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ရွာ တိုက်နယ်ဆေးရုံကို ဗုံးထိမှန်ပြီး လူနာစောင့် အသက် ၅ဝအရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားကာ RFA မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

လူနာ ၄၀ ဦးနီးပါးကိုလည်း အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်ဟု ဖော်ပြသည်။ ယင်းဆေးရုံကို အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ခံ PDF များ ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု ရေးသားထားသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းကျေးရွာကို ဇန်နဝါရီလ ၂၇ ရက်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းထိုးလာသဖြင့် အနီးဝန်းကျင်က ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။ 

………………………………..

စစ်အုပ်စုကို ထောက်ခံအားပေးနေသည့် အစိုးရနှင့် အဖွဲ့ ၆ဝစာရင်း JFM ထုတ်ပြန်

မြန်မာစစ်ကောင်စီကို ထောက်ခံအားပေးနေသည့် အစိုးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများစာရင်းကို Justice For Myanmar က ထုတ်ပြန်လိုက်ပြီး ယင်းစာရင်းတွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံပေါင်းစုံအစိုးရအဖွဲ့အစည်း၊ နိုင်ငံတကာ အစိုးရများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်း ၆၀ကျော် ပါဝင်နေသည်။

အာဏာရှင်စနစ်တစ်ရပ် ဖော်ဆောင်ခြင်း အမည်ရအစီရင်ခံစာကို JFM က ဇန်နဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အစီရင်ခံစာ၏ အဓိကတွေ့ရှိချက်များတွင် နိုင်ငံတကာအစိုးရ ၂၂ ခု၊ ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ခုအပါအဝင် နိုင်ငံတကာ အစိုးရအဖွဲ့အစည်း ၂၆ဖွဲ့၊ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့ ရှစ်ခုနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်း ရှစ်ခုတို့သည် စစ်ကောင်စီကို အထောက်အပံ့ပေးနေကြသည်ဟု ဆိုသည်။

အဓိက အထောက်အပံ့ပေးမှု လေးရပ်ရှိပြီး သံတမန်ရေးလုပ်ဆောင်ချက်မှတစ်ဆင့် တရားဝင်မှုရရှိစေရန် ‘နိုင်ငံရေး ဆိုင်ရာ ပံ့ပိုးကူညီမှု’ ၊ စစ်အုပ်စုနှင့် ၎င်း၏အကျိုးစီးပွားအတွက် ထမ်းဆောင်နေသူများထံ အသိပညာနှင့် ကျွမ်းကျင်မှု လွှဲပြောင်းပေးနိုင်သည့် ‘နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု’ ၊ ဖွံ့ဖြိုးရေးအစီအစဉ်များ၊ တိုက်ရိုက်ဝယ်ယူမှုများ၊ စီးပွားရေးဆိုင်ရာပူးပေါင်းမှုများနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းမှတစ်ဆင့် ‘ငွေကြေးပံ့ပိုးမှု’ ၊ စစ်တပ်နှင့် ဆက်နွှယ်နေသည့် အဆောက်အအုံများကို ‘ငှားရမ်းမှု’ တို့ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ ပံ့ပိုးမှုများကို တရုတ်နှင့် ရုရှားထံမှ သိသိသာသာ ထင်ထင်ရှားရှား တိုးမြှင့်ရရှိခဲ့ပြီး ဂျပန်နှင့် အိန္ဒိယတို့မှာလည်း အရေးပါသည့် ပံ့ပိုးသူများ ဖြစ်နေကြောင်း ဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအများစုသည် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေသည့် ရန်ပုံငွေနှင့် အရင်းအမြစ်များ စီးဆင်းမှုကို အဆုံးသတ်ရန် အနည်းငယ်သာ လုပ်ဆောင်ထားသည် သို့မဟုတ် လုံးဝ လုပ်ဆောင်မှု မရှိကြောင်း JFM က ထောက်ပြထားသည်။

………………………………..

တိုက်လေယာဉ်ပျံဝဲမှု ရန်စသည့်လုပ်ရပ်ဟု SSPP ပြော

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဌာနချုပ်အပေါ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် အနိမ့်ပျံသန်းမှုမှာ ရန်စစော်ကားသည့် လုပ်ရပ်ဟု SSPP ဘက်က တုံ့ပြန်သည်။

ဇန်နဝါရီလ ၂၄ ရက် နေ့လယ်ပိုင်းက အကြောင်းကြားခြင်းမရှိဘဲ စစ်ကောင်စီတပ်က FTC-2000G အမျိုးအစား ဂျက်တိုက်လေယာဉ် အနိမ့်ရှပ်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း SSPP က ထုတ်ပြန်ထားသည်။

နောက်တစ်ကြိမ် အကြောင်းကြားခြင်းမရှိဘဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်း၊ လေ့ကျင့်ခြင်းများ ထပ်မံပြုလုပ်ပါက စစ်ကောင်စီတပ် တာဝန်သာဖြစ်သည်ဟုလည်းဆိုသည်။

လေယာဉ်ပျံသန်းမှုအပေါ် စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းရာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်နှင့် ဆွေးနွေးပွဲလုပ်နေသဖြင့် ယင်းဖြစ်ရပ်ကို မသိသေးဟုသာ အကြောင်းပြန်ခဲ့ကြောင်း SSPP က ထုတ်ပြန်သည်။

SSPP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

………………………………..

လက်နက်ကြီးမှန်သည့် ဘုရားဖူးကား

မွန်ပြည်နယ် ကျိုက်ထီးရိုးသို့ ဘုရားဖူးလာသူများ စီးလာည့် ကားတစ်စီး ဇန်နဝါရီလ ၂၅ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည်ထိမှန်သဖြင့် ဘုရားဖူးတစ်ဦးသေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ 

မကွေးတိုင်း နတ်မောက်မြို့မှ ဘုရားဖူးများလိုက်ပါလာသည့် Light Truck အမျိုးအစားကားမှာ ကျိုက်ထိုမြို့နယ်က မုပ္ပလင်လမ်း ရန်ကုန်-မော်လမြိုင် လမ်းဆုံအနီးတွင် ၄၀ မမ လက်နက်ကြီးကျည်ထိမှန် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ယင်းကားတွင် လူ ၁၂ဦးစီးနင်းလာသည့်အနက် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာခြင်းဖြစ်သည်။ ယင်းအချိန်က တိုက်ပွဲဖြစ်ပွားခြင်းမျိုးလည်း မရှိဟု ဒေသခံတို့က ပြောသည်။

ယင်းဖြစ်ရပ်ကို စစ်ကောင်စီဘက်က KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ လက်ချက်ဟု စွပ်စွဲပြီး KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ဘက်ကလည်း စစ်ကောင်စီလက်ချက်ဟု နှစ်ဖက်အပြန်အလှန်စွပ်စွဲနေကြသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ကျိုက်ထီးရိုး ကင်မွန်းစခန်းတောင်တက်ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရားဖူး သုံးဦး သေဆုံးကာ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းအချိန်ကလည်း အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

………………………………..