ယုံကြည်ချက်တွေကို မစွန့်လွှတ်ခဲ့တဲ့ အာဆင်နယ်အတွက် ဂန္ထဝင်ကျွန်း အစစ်အမှန် ရောက်လာချိန်တန်ပြီ

0
2513

အာဆင်နယ်ဟာ ခရီးကြမ်းတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အခုမှပဲ ငိုသံတွေဟာ ဝေးစပြုလာတာပါ။ အမှောင်ဖုံးနေတဲ့ သန်းခေါင်ယံကမ္ဘာကြီးဆိုတာကလည်း အာဆင်နယ်အတွက် အခုမှ အိပ်စက်စ ပြုလာခဲ့တာပါ။ အတူတူ မင်းနဲ့ငါ ဆိုတဲ့အတိုင်း ယုံကြည်ခြင်းရဲ့ကမ္ဘာဆီကို လျှောက်လှမ်းဖို့အတွက် အာတီတာနဲ့ အာဆင်နယ်တို့ဟာ အမှောင်ယံကာလထဲ လက်တွဲပြီး လျှောက်လှမ်းခဲ့ရတာပဲဖြစ်ပါတယ်။

အခုတော့ အာဆင်နယ်ဟာ ခေတ်သစ်တစ်ခုဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီလို ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းတွေအတွက် လုံးဝ အသိအမှတ်ပြု ချီးကျူးရမှာက အာတီတာ ပါပဲ။ သူဟာ တချို့သော ဆုံးဖြတ်ချက်တွေကို သူ့ရာထူးနဲ့အလဲအထပ်လုပ်ပြီးတော့တောင် ချမှတ်ခဲ့တာမျိုးတွေ ရှိပါတယ်။

အာဆင်နယ် ဖြစ်တည်လာပုံတွေက အတွေးပန်းချီကားတစ်ချပ်လို၊ ဒဏ္ဍာရီထဲကလို ထူးဆန်းလွန်းခြင်းမက ထူးဆန်းနေပါတယ်။ ဒဏ်ရာတွေရဲ့ဝေးရပ်ဆီ၊ ငိုသံတွေရဲ့ဝေးရပ်ဆီကို အာဆင်နယ် ရောက်လုနီးနေပါပြီ။

သေချာတာတစ်ခုကတော့ ဒဏ္ဍာရီကျွန်းသီချင်းကို ဖွင့်ပြီး နားသောတဆင်ကြည့်လိုက်ပါ။ အာဆင်နယ် ဖြတ်သန်းခဲ့ရတာတွေကို တစ်ကွက်ချင်းအလိုက် ပြန်မြင်လာပါလိမ့်မယ်။