ပလမြို့အနီး ပစ်ခတ်မှုဖြစ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မီးရှို့ခံရ

0
2866

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးက ဇာဒီရွာတွင် ယနေ့ ဇန်နဝါရီလ ၂၆ ညပိုင်းက နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ဇာဒီရွာတွင် ယနေ့ည ၆ နာရီမှ ၇ နာရီအထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းပစ်ခတ်မှုပြီးနောက် ဇာဒီရွာ ပစ်ထောက်ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကြင်ရှိန်၏ နေအိမ်မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။

ယင်းမီးရှို့မှုတွင် အုပ်ချုပ်ရေးမှူးအိမ်၏ ဘေးတစ်ဖက်တချက်က နေအိမ်နှစ်လုံး မီးလောင်ကျွမ်းသွားကြောင်း ၎င်းတို့က ဆိုသည်။

“သူ (ဦးကြင်ရှိန်) က စစ်ကောင်စီခန့် ရပ်ကွက်လူကြီးပါ။ အရင်ကလည်း သူ့အိမ်မိုင်းခွဲခံရဖူးတယ်” ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

မီးရှို့မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က အင်အားတိုးကာ ပလမြို့အား လုံခြုံရေးယူထားကြောင်း မြို့ခံတို့က ပြောသည်။