ဆိုင်ကယ်စီးခွင့်ပိတ်ထားသည့် ကံပေါက်တွင် အသွားအလာတိတ်ဆိတ်၊ ဒေသခံအချို့အဖမ်းခံရ

0
2649

ဆိုင်ကယ်စီးနင်းသွားလာခွင့် ပိတ်ခံထားရသည့် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအတွင်း ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် သွားလာသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းအပြင် မဂ္ဂင်ရပ်ကွက်၊ လှည်းကုန်း (၁) ရပ်ကွက်၊ မိကျောင်းအိုင်ရပ်ကွက်တို့က ဒေသခံ ၁၀ ဦးနီးပါး အဖမ်းခံထားရကြောင်း စုံစမ်းသိရှိရသည်။

အဖမ်းခံရသူများတွင် ဆိုင်ကယ်မစီးဘဲ သွားလာနေသူများလည်း ပါဝင်နေသလို နေအိမ်ထဲတွင် ဝင်ရောက်ဖမ်းဆီးမှုများလည်းကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်ကယ်စီးသွားလာစဉ် အဖမ်းခံရသူအချို့မှာလည်း အဓိက လမ်းမများတွင် စီးသူများမဟုတ်ဘဲ အိမ်နီးနား ပတ်ဝန်းကျင် လမ်းသွယ်ထဲတွင် စီးနင်းသည်ကိုပင် ကားဖြင့် လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

လတ်တလောတွင် မဂ္ဂင်ရပ်ကွက်မှ ပန်းရံလုပ်ငန်းလုပ်ကိုင်သူ ဦးမင်းမင်း၊ ၎င်းနှင့် သားမက်တော်စပ်သူ ကိုအာကာမာန်၊ လှည်းကုန်း (၁) ရပ်ကွက်မှ သက်ကြီးပိုင်း ရပ်မိရပ်ဖဖြစ်သူ ဦးထွန်းရှိန်နှင့် ဇနီးဒေါ်ပု၊ မိကျောင်းအိုင် ရပ်ကွက်မှ ဒေါ်နီနီဆိုသူတို့ အဖမ်းခံထားရပြီး အခြား အမည်အတည်မပြုနိုင်သေးသူများလည်း‌ ရှိသေးသည်။

“ညကတည်းက စစ်ကားတွေ သွားနေလာနေတာတော့ ကြားနေတာပဲ။ မနက်ကျတော့ ရွာသားတွေ အဖမ်းခံထားရတယ်ကြားတယ်။ အဖမ်းခံရတာက လူကြီးပိုင်းတွေနဲ့ ဆန္ဒပြတုန်းက ပါခဲ့သူတွေကို အဓိက ပစ်မှတ်ထားပြီး ဖမ်းထားတာမျိုးဖြစ်နေတယ်” ဟု ဒေသခံတဦးက ပြောသည်။

မောရဝတီရေတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း စစ်ဆေးတင်းကျပ်နေပြီး အခြားရွာများဘက်က တက်လာသည့် ဈေးဆိုင်ကယ်အချို့ တားဆီးစစ်ဆေးခံနေသည်ဟု မျက်မြင်တွေ့ရှိခဲ့ရသူတစ်ဦးက ဆိုသည်။

“ဒီနေ့အသွားအလာပါးလို့ မွန်းတည့်အထိတောင် ဈေးဦးမပေါက်သေးဘူး” ဟု ကံပေါက်ဒေသမှ အီလက်ထရောနစ် ပစ္စည်းရောင်းသူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ကံပေါက်ကျေးရွာအတွင်း ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိပိတ်ထားသဖြင့် ဒေသခံများမှာ ဘေးတွဲဆိုင်ကယ်များ၊ စက်ဘီးများ အသုံးပြုနေကြရကြောင်း ပြောဆိုသည်။

ကံပေါက်ရွာထဲတွင်မူ တိတ်ဆိပ်ခြောက်ကပ်နေပြီး ဈေးဆိုင်အချို့မှာ ပိတ်ထားကြကြောင်းလည်း ဒေသခံအချို့ကဆိုသည်။

ခရီးသည်တင်မော်တော်ယာဉ်လမ်းလိုင်းများနှင့် ကုန်တင်ယာဉ်များမှာမူ ပုံမှန်အတိုင်း သွားလာ‌နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ကံပေါက်ကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အခြားအမျိုးသား တစ်ဦးတို့ကို အမည်မသိလက်နက်ကိုင်များက လာရောက်ပစ်ခတ်သဖြင့် ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် စစ်ကောင်စီရေတပ်က ကံပေါက်ကျေးရွာအတွင်း ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ကြောင်း၊ စီးလျှင် ဖမ်းဆီးမည်ဖြစ်ကြောင်း လာ‌ရောက်ပြောဆိုခဲ့သည်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကံပေါက်ကျောက်တိုင်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်း၊ ဈေး၊ ဆေးရုံလမ်းဆုံ စသည့်နေရာများတွင် နေရာယူကာ ဆိုင်ကယ်စီးလာသူများကို စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။