ကျားထက်ဆိုးသည့် ရှင်ကြီးများလက်ထဲက ထိုင်းရောက်မြန်မာအမျိုးသမီးများ

0
3788

“ကျွန်မကို အိမ်ပြန်ပို့ရင် ကိုယ့်ကိုကိုယ် သတ်သေမယ်” လို့ပြောတဲ့ ပန်းနုရဲ့စကားကြောင့် သူ့ကိုကူညီနေကြတဲ့သူတွေ ဆွံ့အသွားခဲ့ရပါတယ်။

အသက် ၁၅ နှစ်အရွယ်ပန်းနုဟာ မြန်မာနိုင်ငံ တောင်ဘက်ပိုင်း ထားဝယ်ကနေ သူ့အမရှိတဲ့ ထိုင်းဘက်ကမ်းကို တရားမဝင် ကူးလာခဲ့တဲ့သူတစ်ယောက်ပါ။ ထိုင်းနိုင်ငံကို သူ့ထက်အရင် ကြိုရောက်နေတဲ့ သူ့အမရဲ့ ကလေးတွေကို ကူထိန်းပေးဖို့ ထိုင်းဘက်ကမ်းဆီ ကူးလာခဲ့တာလည်း ဖြစ်ပါတယ်။

သူ့အမမိသားစုဟာ ထိုင်းနိုင်ငံ ဖန်ငခရိုင်ထဲက ရာဘာစိုက်ခင်းတွေကြားမှာ ရာဘာခြစ်တဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။ ပန်းနုရဲ့အမ၊ အမရဲ့အမျိုးသားအပါအဝင် အလုပ်သမားတွေ ရာဘာခြစ်ဖို့ လုပ်ငန်းခွင်ထဲသွားရချိန်မှာတော့ ပန်းနုဟာ အလုပ်သမားတချို့ကလွဲရင် လူသူအရောက်အပေါက်နည်းတဲ့ ရာဘာတောထဲက အိမ်မှာ တနှစ်အရွယ်ရှိတဲ့ တူမလေးကို ထိန်းဖို့ကျန်နေခဲ့ရပါတယ်။

အဲ့လိုနေထိုင်လာချိန် တညမှာတော့ သူ့အမနဲ့ သူ့ခဲအို အပါအဝင် အလုပ်သမားတွေ ရာဘာခြစ်သွားနေကြချိန်မှာ သူ့ရဲ့ခဲအိုဟာ အိမ်ပြန်ရောက်လာခဲ့ပြီး ပန်းနုကို ထိကပါးရိကပါးပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ခဲအိုဟာ သူ့ကိုအလိုမတူဘဲ မုဒိမ်းကျင့်ခဲ့ပါတယ်။

ပန်းနုဟာ ဒီအကြောင်းတွေကို သူ့အကူအညီပေးကြသူတွေကို ပြန်ပြောခဲ့ပြီး သူ့ကိုအိမ်ပြန်မပို့ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့အပြင် မုဒိမ်းမှုရဲ့ သားကောင်ဖြစ်ခဲ့တဲ့အတွက် ဒီဆောင်းပါးမှာပါတဲ့ သူ့အမည်ဟာလည်း အမည်ရင်းမဟုတ်ဘဲ ပြောင်းလဲအသုံးပြုထားပါတယ်။

အကူအညီပေးကြတဲ့သူတွေဟာ အစပိုင်းမှာ ပန်းနုတယောက် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးဘူး ဆိုတာကြောင့် သွားခေါ်ခဲ့တာလို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်မတိုင်ခင် ပန်းနုဟာ သူ့အကြောင်းကို ရင်ဖွင့်ဖို့ အခွင့်မသာခဲ့ဘူးလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဆီ တရားမဝင်ရောက်ရှိလာတဲ့ အမျိုးသမီးငယ်ဖြစ်တဲ့အတွက် သူ့အစ်မနဲ့ ခဲအိုဟာ အပြင်ပေး မထွက်ဘဲ နေအိမ်ထဲသာနေခိုင်းပါတယ်။ တရက်မှာ မပန်းနုတို့နေထိုင်တဲ့ နေရာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့အတွက် ထိုင်းကျန်းမာရေးက ခေါ်ချိန် အစ်မဖြစ်သူနဲ့ ခဲအိုက ပေးမထိုးဘဲ နေအိမ်ထဲမှာပိတ်လှောင်ထားပါတယ်။

“ကိုဗစ်ကာကွယ်ဆေး မထိုးရသေးဘူး၊ အိမ်ထဲကနေ အပြင်လည်း ပေးမထွက်ဘူး။ သွားခေါ်ပြီးထိုးဖို့ သူ့(မပန်းနု)ရဲ့ အိမ်နီးချင်းက လာပြောတယ်။ အဲ့မှာ ကျွန်မကလည်း သွားခေါ်ခဲ့လိုက်တယ်။ သူ့အိမ်က အစ်မနဲ့ခဲအိုနဲ့တော့ ပြဿနာရှာတာပေါ့” လို့ ပန်းနုကို ခေါ်ထုတ်ခဲ့တဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူ မခင်မာစိုး ပြန်ပြောပြပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ခွင့်မပြုရင် ထိုင်းရဲကို တိုင်မယ်ဆိုပြီး ပြောဆိုလိုက်ကာ အပြင်ခေါ်ထုတ်လာခဲ့ပါတယ်။ ကိုဗစ်-၁၉ ဆေးထိုးပြီးနောက် မပန်းနုတယောက် အိမ်ပြန်ချင်တဲ့အကြောင်း ငိုယိုကာ ပြောလာတဲ့အတွက် မခင်မာစိုး တယောက် တွေးပူခဲ့ရပါတယ်။

“ အဲ့မှာ ကျွန်မတို့လည်း သူကို အိမ်ပြန်မပို့တော့ဘဲ၊ သူလုံခြုံတဲ့နေရာမှာ ထားလိုက်တယ်။ သူ့ခဲအိုကတော့ ပြောတာပေါ့ ကျွန်မတို့လည်း ထိုင်းရဲကို လာဖမ်းခိုင်းရမှာလားဆိုပြီးခြိမ်းခြောက်လိုက်မှ ငြိမ်သွားကြတယ်” လို့ မခင်မာစိုး က ဖြစ်ပျက်ခဲ့တာကို ရှင်းပြပါတယ်။

မပန်းနုရဲ့ အမှုကိုတော့ ထိုင်းရဲကို တိုင်ကြားချင်းမရှိဘဲ ဒီတိုင်းသာ ကျေအေးလိုက်ရပြီး၊ သူမကိုယ်တိုင်လည်း တခြားဒေသသို့ ပြောင်းရွှေ့ကာ ဘဝသစ် နဲ့ အလုပ်လုပ်နေကြောင်း လိုက်ပါကူညီပေးခဲ့တဲ့ မခင်မာစိုးက ဆိုပါတယ်။

“သူကိုတော့ စိတ်ချရတဲ့ အမျိုးသမီးနဲ့ ထားလိုက်တယ်။ ဒီမှာက safe house လုံခြုံတဲ့နေရာဆိုပြီး သီးသန့်မရှိဘူးလေ။ နောက်သူ့အတွက် လက်မှတ်တွေရအောင် ကျွန်မတို့ဘာသာစုပြီးလုပ်လိုက်တယ်။ အခုအလုပ်ရသွားပြီ” လို့ သူမက ဆက်လက်ပြောပါတယ်။

ပန်းနုနေထိုင်ခဲ့တဲ့ ကျေးရွာအနီးမှာ အလားတူအဖြစ်အပျက်တွေဟာ ပြီးခဲ့တဲ့နှစ်က ၁၀ ခုခန့် ဖြစ်ခဲ့တယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ဆိုပါတယ်။

အဲ့အမှုတွေထဲမှာ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ထံ အမှုဖွင့်နိုင်ခဲ့တာ အသက် ၁၂နှစ်အရွယ်ကို ခဲအိုဖြစ်သူက ကျူးလွန်တဲ့အမှုတစ်ခုပဲ ဖွင့်နိုင်ခဲ့ပါတယ်။

“အသက် ၁၂နှစ်အရွယ် ကလေးအမှုလည်း သူ့အမ ယောင်္ကျားပဲ။ အဲ့ကျောင်းကို လာပို့လာကြိုဆိုတော့ ရိုးသားပဲထင်တာ။ တရက် ကလေးက အိမ်သာရေသုံးတော့ စပ်တယ်ဆိုပြီး ဆရာမကို ပြောပြတယ်။ နောက်သူ့ခဲအိုက လုပ်တာဆိုပြီး ပြောလာတယ်။ ကျောင်းကနေပြီး အမှုဖွင့်တော့ အဲ့ကောင်ကို ထောင်ချနိုင်ခဲ့တယ်” လို့ မခင်မာစိုး က ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေကြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မုဒိမ်းမှုတွေဟာ အရင်နှစ်တွေထက် တစ်ဆခွဲပိုများလာကြောင်း၊ အဲ့ထဲမှာ သက်ငယ်မုဒိမ်းမှုဟာ ပိုများပြားနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေး နေတဲ့ MAP ဖောင်ဒေးရှင်း မှ အမျိုးသမီးရေးရာ ဆောင်ရွက်နေတဲ့ မမိုင်းမိုင် က ပြောပါတယ်။

“ ဒီနှစ် မုဒိမ်းမှုထဲမှာဆိုရင် သက်ငယ်မုဒိမ်းမှုပေါ့။ အမေရဲ့ နောက်အိမ်ထောင် ပထွေးက ကျင့်တာရော။ အိမ်နီးချင်းက ကျင့်တာရော။ နောက် မိဘတွေက ကလေးအချင်းချင်း ထားရာကနေ ကျင့်ခံရတာတွေရှိတယ်” လို့ မမိုင်းမိုင် က ဆိုပါတယ်။

ထိုင်းနိုင်ငံ အတွင်း MAP ဖောင်ဒေးရှင်းမှ ကူညီလိုက်ပါစောင်ရှောက်ရတဲ့ မုဒိမ်းမှုတွေမှာ တလလျှင် ၅မှုရှိပြီး အဲ့ဒီအမှုတွေ ဟာ MAP မှ အမျိုးသမီးအရေး ဆွေးနွေးပွဲ လုပ်နိုင်ခဲ့တဲ့နေရာတွေသာဖြစ်ကြောင်းသိရပါတယ်။

“ ကျွန်မတို့ လက်ခံရတဲ့အမှုကတလမှာ ၅မှုရှိတယ်။ အဲ့အမှုတွေအားလုံးက တရားဝင် အမှုဖွင့်လို့မရဘူး။ အမှုဖွင့်ဖို့က ခက်နေတုန်းပဲ။ ထိုင်းအဖွဲ့အစည်းတွေနဲ့ နည်းလမ်းရှာပြီး အမှုဖွင့်ရင်ဆိုင်နိုင်ဖို့ကတော့ ကြိုးစားနေပါတယ်” လို့ မမိုင်းမိုင် က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ခုနစ်မှာ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်နေချိန် မိခင်ရဲ့ နောက်အိမ်ထောင်အမျိုးသား(ပထွေး) က ၎င်းရဲ့ သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့ကာ ကိုယ်ဝန်ထပ်ရခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်း ဖြစ်ပျက်ခဲ့တဲ့ အမှုတခုမှာ “ မိခင်ဖြစ်သူရဲ့ နောက်အိမ်ထောင် (ပထွေး) က အသက်မပြည့်တဲ့ ၁၃နှစ်အရွယ်ကလေး မုဒိမ်းကျင့်တာ။ အဲ့ချိန်မှာ အမေဖြစ်သူကလည်း ဗိုက်ကြီးနေချိန်၊ မုဒိမ်းကျင့်ခံရတဲ့ သမီးကလည်း ပထွေးနဲ့ကိုယ်ဝန်ရ။ အဲ့လိုတွေကစရှိတယ်” လို့ မမိုင်းမိုင် က စိတ်မကောင်းစွာပြောပြလာပါတယ်။

အဲ့ဒီအသက်မပြည့်တဲ့ ကလေးငယ်ကိုမုဒိမ်းကျူးလွန်တဲ့အမျိုးသားကို ထိုင်းအာဏာပိုင်တွေက ထောင်ဒဏ် (၇)နှစ်ချခဲ့ပြီး၊ ပထွေးနဲ့ ရတဲ့ကလေးကို ထိုင်းအာဏာပိုင်ဆီ ပေးလိုက်ကြောင်း မမိုင်းမိုင် က ဆိုပြန်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ အမျိုးသမီး အကြမ်းဖက်ခံရတဲ့အမှု၊ မုဒိမ်းမှုတွေကို ဥပဒေဘောင်းအတွင်းကနေ လက်မှတ်ရှိတာ ဖြစ်စေ၊ မဖြစ်စေ ကာကွယ်ပေးထားသော်လည်း ရွှေ့ပြောင်းအလုပ်သမားတွေမှာ ငွေကြေးအခက်အခဲ၊ ဘာသာစကားအခက်အခဲတွေကြောင့် တရားမျှတမှု ရှာဖို့ခက်ခဲတယ်လို့ မမိုင်းမိုင် က ထောက်ပြပြောဆိုလိုက်ပါတယ်။

“ ထိုင်းနိုင်ငံမှာ ဥပဒေဘောင်အတွင်းတော့ တိုင်ကြားလို့ရပေမယ့် ကျွန်မတို့ ရွှေ့ပြောင်းအလုပ်သမားတွေမှာက ပိုက်ဆံမရှိ၊ ဘာသာစကားမတတ် နောက်ရုံးတက်ဖို့ ကြောက်ကြတော့ မတိုင်ကြဘူး။ ထိုင်းရဲဆိုရင် သူတို့က ကြောက်နေကြပြီပဲ များသောအားဖြင့် ရိုးရာဓလေ့ တောင်းပန်တာ” လို့ မမိုင်းမိုင် က လက်ရှိဖြစ်ပျက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခြေအနေ ကို ပြောပြလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ လူဦးရေ ၁ဒသမ ၆သန်းမှာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ တဝက်ကျော်ဖြစ်တဲ့ ၂၅သန်းကျော်ဟာ ငတ်မွတ်ဘေးကြုံနေတယ်လို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်( ILO) ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး နဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မြန်မာဘက်က တရားမဝင် ဝင်ရောက်လာသူ သိန်းနဲ့ချီ ရှိခဲ့ပါတယ်။ ထိုင်းရဲက ဖမ်းတာခံရတဲ့သူ စုစုပေါင်း ၂ သိန်းအထိ ရှိကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက ခန့်မှန်းတွက်ချက်ထား ပါတယ်။

နိုင်ငံရေးအပြောင်းအလဲကာလကြားမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို နည်းမျိုးစုံဝင်ရောက်လာပြီး စားဝတ်နေရေးအတွက် လှုပ်ရှားနေကြပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမတွေအတွက် ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ နည်းပါးနေကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေတဲ့ မခင်မာစိုးကပြောပါတယ်။

“အမျိုးသမီးကို ကူညီတဲ့အဖွဲ့ဆိုတာ မရှိသလောက်ပါပဲ။ ရှိလာဖို့အတွက် ဝိုင်းဝန်းကူညီဖို့အတွက် အများကြီး တွန်းအားပေးရမယ်။ တခုခုဆိုရင် ကျွန်မတို့ က MAP ဖောင်ဒေးရှင်းကိုပဲအားကိုးရတယ်။ ဒီထက်မက အဖွဲ့တွေလိုအပ်တယ်” လို မခင်မာစိုးက ထောက်ပြပြောဆိုလိုက်ပါတယ်။

တစ်ဖက်မှာလည်း တိုင်းတပါးကိုရောက်လာပြီး အလုပ်လုပ်နေကြတဲ့အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ၊ မုဒိမ်းကျင့်ခံရတာတွေ၊ ကိုယ့်သမီးငယ်တွေ သက်ငယ်မုဒိမ်းကျင့်ခံရရင် ရေငုံနှုတ်ပိတ်မနေကြဘဲ နီးစပ်ရာကို တိုင်ကြားဖို့ လိုအပ်ကြောင်းလည်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီပေးသူတွေက ပြောပါတယ်။

“ ကျွန်မတို့ကတော့ အမျိုးသမီးတွေ အကြမ်းဖမ်းခံရတာတွေ မုဒိမ်းကျင့်ခံရတာတွေ ပြောထွက်လာဖို့ အမျိုးသမီးအခွင့်အရေး တွေ ဘယ်လိုရှိတယ်ဆိုတာ ဆွေးနွေးပွဲတွေ အများကြီးလုပ်စေချင်တယ်။ နောက် အမျိုးသားတွေပါဝင်ပြီးနားထောင်စေချင်တယ်” လို့ အမျိုးသမီးအရေးဆွေးနွေးပွဲတက်ရောက်ဖူးတဲ့ ရွှေ့ပြောင်းအလုပ်သမ တစ်ဦးက ဆိုပြန်ပါတယ်။

အဓိကအနေဖြင့် အိမ်တွင်းအကြမ်းဖက်မှုတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ မုဒိမ်းမှုတွေဟာ ကြီးလေးတဲ့ပြစ်မှုဆိုတာ ရွှေ့ပြောင်းအလုပ်သမားကြားမှာ တွင်တွင်ကျယ်ကျယ်သိရှိအောင်ပြုလုပ်သင့်ကြောင်းလည်း သူမကဆိုပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းလာရောက်လုပ်ကိုင်တဲ့ အမျိုးသမီးငယ်တွေ အနေနဲ့ မုဒိမ်းကျူးလွန်ခံရရင် မပန်းနုလိုမျိုး ရဲရဲရင့်ရင့် မကြောက်မရွံ့ဘဲ ရုန်းထွက်ပြီး ပြောဆိုရန် လိုအပ်ကြောင်း မခင်မာစိုးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

နန်းဆိုင်နွမ်

Honest Information ကရေးသားထားသည့် ဆောင်းပါးကို Dawei Watch မီဒီယာက ပြန်လည်ရယူဖော်ပြခြင်းဖြစ်ပါသည်။