ကျုံဒိုးတွင် တိုက်ပွဲပြင်းထန်၊ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်

0
3050

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေပြီး နေအိမ်များ မီးလောင်နေသည့်အပြင် ဒေသခံထောင်နှင့်ချီမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကမ်းနီကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၂၃ရက်တွင် တိုက်ပွဲ စတင်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် တိုက်ပွဲပိုမိုပြင်းထန်လာကြောင်း ဒေသခံတို့က ပြောသည်။  

တိုက်ပွဲကြောင့် ကျုံဒိုးမြို့နှင့် အနီးအနားရှိ ကမ်းနီ၊ သရက်တော၊ ကော့ကျိုက်၊ ရွာကလေး၊ ကော့သာ၊ ညောင်ရိပ်သာ စသည့်ကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီတို့သည် ဘားအံ၊ ဇာသပြင်၊ ကော့ဘိန်း၊ သံလှယ်၊ မော်လမြိုင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။

“ရွာထဲမှာပဲ ပစ်ခတ်နေကြတော့ ဘယ်သူမှ မနေရဲကြတော့ဘူး။ ရွာမှာ ယောက်ျာလေးတွေပဲ တစ်ယောက်စ နှစ်ယောက်စ ကျန်နေတာ။ အမျိုးသမီး၊ ကလေး၊ လူကြီး တစ်ယောက်မှ မကျန်တော့ဘူး။ တချို့က မော်လမြိုင်ဘက် ပြေးတယ်။ ဘားအံ၊ ဇာသပြင် ကော့ဘိန်းဘက် ပြေးကြတာလည်းရှိတယ်” ဟု သရက်တောကျေးရွာမှ တိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကမ်းနီ၊ သရက်တော၊ ကော့ကျိုက် အစရှိသည့် ကျေးရွာတို့မှ နေအိမ်အချို့ ပျက်စီးမှုရှိသည့်အပြင် မီးလောင်ကျွမ်းသွားသည့် နေအိမ်များလည်း ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လက်နက်ကြီးကျည်တွေ အိမ်ပေါ်ကျကွဲနေတော့ ဒေသခံတွေ မနေရဲကြဘူး။ ထွက်ပြေးကုန်ကြတယ်။ မနေ့ညကတော့ တိုက်ပွဲက ပိုပြင်းထန်လာတယ်။ နှစ်ဖက်ပစ်လိုက်တဲ့ လက်နက်ကြီးတွေကျလို့ ကမ်းနီမှာ နေအိမ် မီးလောင်သွားတာလည်း ရှိတယ်” ဟု ကမ်းနီရွာခံတစ်ဦးက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းတွင်မူ ကမ်းနီ အနီးတဝိုက်ကို စစ်ကောင်စီဘက်က လေယာဉ်ဖြင့်ပါ တိုက်ခိုက်လာသည်ဟုလည်း ဒေသခံတို့က ပြောဆိုသည်။

ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာဘက်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူပေးလျက် ရှိကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းဘက်ကလည်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘုရားသုံးဆူမြို့တွင်လည်း ဇန်နဝါရီ ၂၃ ရက်ညက မြို့ပေါ်ရှိ ရုံးပေါင်းစုံဝင်းကို ဗိုလ်လင်းယုန် ဦးဆောင်သည့် မြို့ပြပြောက်ကျား တပ်ဖွဲ့တို့က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲဖြစ်သဖြင့် ရာနှင့်ချီသည့် ဒေသခံတို့က ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်နေကြရသည်။