ဘုတ်ပြင်းဆေးတပ်မှ တပ်ကြပ်ကြီးကို ပုလောကာကွယ်ရေးတပ် ဖမ်းဆီး

0
3415

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိဆေးတပ်မှ တပ်ကြပ်ကြီးစာရေးတစ်ဦးကို ဖမ်းဆီးရမိကြောင်း ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်က ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တပ်မတော်ဆေးရုံ(တဆရ ၁၈/၁၀၀ )မှ တပ်ကြပ်ကြီးစာရေးဖြစ်သူ ကိုသန်းဇော်ဦး ဆိုသူသည် ဇန်နဝါရီလ ၂၁ ရက်နေ့က ခရီးသည်ကားဖြင့် ရောနှောလိုက်ပါလာခြင်းဖြစ်သည်။

၎င်းကို ပုလောမြို့နယ်၊ကဒဲကျေးရွာနှင့် သင်္ကန်းတောကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းသည် စစ်မှုထမ်းသက် ၁၆ နှစ်ကျော်ရှိသူဖြစ်ပြီး ကိုင်ဆောင်သည့် ဖုန်းအားစစ်ဆေးရာ စစ်သံရုံးဝင်ခွင့်ဖြေဆိုပြီး မိခင်တပ်ရင်းသို့ ပြန်လာသူဖြစ်သည်ဟု တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် တပ်ကြပ်ကြီးနှင့်အတူ ဖုန်းတစ်လုံးအပါအဝင် ပိုက်ဆံနှစ်သောင်းငါးရာကျပ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့တွင် ခရီးသည်ကားဖြင့် လိုက်ပါလာသည့် တနင်္သာရီမြို့ ၅၅၆ တပ်မှ တပ်သားတစ်ဦးနှင့် ဒီဇင်ဘာ ၂၄ ရက်ကလည်း ခရီးသည်ကားနှင့် လိုက်ပါလာသည့် ကော့သောင်းအကျဥ်းထောင် ဦးစီးမှူးတို့ကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)က ဖမ်းဆီးခဲ့သည်။