အောက်သရက်ချောင်းရွာက ဖမ်းဆီးခံရသည့်အမျိုးသား ပြန်မလွတ်သေး

0
2961

သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာက ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦး ယနေ့ ဇန်နဝါရီလ ၂၅ရက် နံနက်အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၄၅ နှစ်အရွယ် ဦးဖေဝင်း ရွာအခေါ် ဦးစုကန်းငယ်ကို ဇန်နဝါရီလ ၂၀ ရက် ညနေ ၄ နာရီခန့်က ထားဝယ်မှ အောက်သရက်ချောင်းသို့ ကားဖြင့်ပြန်လာစဉ် ဝင်းဝတံတား စစ်ဆေးရေးဂိတ်အနီးတွင် ကားရော လူပါ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။

၎င်းမှာ ထားဝယ်နှင့် သရက်ချောင်းကို နေ့စဉ် ခရီသည်တင်ကားပြေးဆွဲနေသူဖြစ်ပြီး ဖြစ်ကြောင်း ၎င်းနှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း နေရထိုင်ရတာ ဘေးကျပ်နံကျပ်ဆိုတော့ ကျွန်တော်လည်း လိုက်မရဲဘူး” ဟု ၎င်းက ပြောဆိုသည်။

ဦးဖေဝင်းမှာ PDF များနှင့် အတူတူထိုင်ပြီး စားသောက်ထားသည့် ပုံနှင့် ရုပ်သံမှတ်တမ်း အထောက်အထားများ တွေ့ရှိထားသဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းဖြစ်သည်ဟု ကြားသိရကြောင်း အောက်သရက်ချောင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သို့သော် အထက်ပါပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

၎င်းကို ထားဝယ်အခြေစိုက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကားကိုမူ ဝင်းဝနယ်မြေရဲစခန်းတွင် သိမ်းဆည်းထားသည်ဟု အထက်ပါအမျိုးသားက ဆိုသည်။

ဦးဖေဝင်းကို မိသားစုကလည်း တွေ့ခွင့်မရသေးကြောင်း ၎င်းနှင့် နီးစပ်တော်သူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ တတိယအပတ်တွင် ဆင်ဖြူပြင်ရွာက ဒေသခံအမျိုးသားနှစ်ဦး အဖမ်းခံခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုမှုများလည်း ရှိသည်။