ရေဖြူ ကလိန်အောင်မြို့မှ စစ်တပ်ပိုင် မြဝတီသတင်းထောက် တစ်ဦး ပစ်သတ်ခံရ

0
2948

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့နေ စစ်တပ်ပိုင် မြဝတီသတင်းစာတိုက်မှ သတင်းထောက်တစ်ဦးပစ်သတ်ခံရကြောင်း သိရသည်။

ပစ်သတ်ခံရသူမှာ ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်တွင် မိသားစုနှင့်အတူနေထိုင်သည့် လူလတ်ပိုင်းအရွယ် ကိုလင်းလင်းထွန်းဆိုသူဖြစ်သည်။

၎င်းအား ကလိန်အောင်မြို့အခြေစိုက် Spring Dhamma PDF KLA၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ( DDPDF) နှင့် ပူးပေါင်းအဖွဲ့တို့က ဇန်နဝါရီလ ၂၄ ရက် ညနေ ၃ နာရီတွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကလိန်အောင်မြို့ ဇင်းဘာလမ်း ဆောက်လုပ်ရေးရုံးအနီး ‌ဘိလိယက်ခုံတွင်ရှိနေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

မည်သည့်အကြောင်းရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်းမရှိပေ။

ကံပေါက်ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Freedom Kanbauk Facebook Page စာမျက်နှာတွင်မူသေဆုံးသူ ကိုလင်းလင်းထွန်းမှာ ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ ခြေမြန်တပ်းရင်းမှဖြစ်ပြီး ဘိလိယက်ခုံတွင်သတင်းစုံစမ်းကာ စစ်ကောင်စီတပ်ဆီသို့ပေးပို့နေသူဖြစ်ကြောင်းဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်သူ ကိုလင်းယုန်ဆိုသူပြောကြားချက်အား ကိုးကားပြီးအထက်ပါအတိုင်းဖော်ပြထားခြင်းဖြစ်သည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသူ ကိုလင်းလင်းထွန်းမှာ အာဏာမသိမ်းခင်ကတည်းက မြဝတီသတင်းစာတိုက်တွင်သတင်းထောက်အဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီကပြုလုပ်သည့် အခမ်းအနား၊ ပွဲလမ်းများအကြောင်းကို ရေးသားကာ မြဝတီသတင်းစာတိုက်သို့ ပေးပို့နေသူဖြစ်သည်။

၎င်းသည် မြဝတီသတင်းစာတွင် ကုတ်နံပါတ် ၄၁၂ ဖြင့် ဖော်ပြရေးသားနေခြင်းဖြစ်ပြီး ပစ်ခတ်ခံရစဉ် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။