မော်တုန်းရွာထဲ လက်နက်ကြီးကျပြီး ကလေးငယ်များအပါအဝင် လူဆယ်ဦးဝန်းကျင် ဒဏ်ရာရ

0
2826

Dawei Watch၊ ဇန်နဝါရီ ၂၄

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မော်တုန်းအနောက်ကမ်းရွာအတွင်း ယနေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာသားဆယ်ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၄ရက် ညနေ ၄ နာရီကျော်က အနောက်မော်တုန်းကျေးရွာ၊ နန်းစိုက်ပြင်ရပ်ကွက်သို့ လက်နက်ကြီးကျည် နှစ်လုံးဆက်တိုက်ကျရောက် ပေါက်ကွဲခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။

“အိမ်ပေါ်ကိုကျပြီး မိသားစုတစ်စုတည်းက ကလေးအပါအဝင် ခြောက်ယောက် ထိသွားတယ်။ ကျန်တဲ့ရွာသားတွေ ထိတာလည်း မနည်းဘူး။ အခုဆေးရုံပို့ဖို့ အကူအညီတောင်းနေကြတယ်” ဟု ဒေသခံအမျိုးသမီး ကပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပြီးနောက် ရွာသားများမှာ ဘေးလွတ်ရာတောတောင်များအတွင်းသို့ ထွက်ပြေးနေကြပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“လက်နက်ကြီးကျပြီး နှစ်ဦးသေတယ်။ လေးဦး ဒဏ်ရာရတယ်လို့ကြားရတယ်။ ဖုန်းတွေကဆက်လို့မရလို့ အတိအကျမသိရသေးဘူး” ဟု အနောက်မော်တုန်းရွာမှ အခြားရွာတွင် လာရောက်စစ်ဘေးရှောင်နေသူ အမျိုးသား တစ်ဦးက ပြောသည်။

သို့သော် အရပ်သားသေဆုံးမှုရှိမရှိကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဘန်းလမွတ်ကျေးရွာအုပ်စုအနီးတွင် ယမန်နေ့ နံနက်နှင့် ယနေ့ နံနက်တို့တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် နေ့ရောညပါ ပစ်ခတ်ခြင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ဘန်းလမွတ်ရွာတွင်လည်း ယမန်နေ့က လက်နက်ကြီးကျည်ကျပြီး ရွာသားအချို့ ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများက ပြောဆိုကြသည်။