ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၀ကျော် ဖမ်းဆီးခံရ

0
2977

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၃ ဦးကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

တာခ့်ခရိုင် ဝမ်ကျောက်ဒေသ နာဘိုရွာအနီးတွင် မင်္သကာဖွယ်ရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့သဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်ဟုဆိုသည်။

သို့သော် မရပ်တန့်ဘဲ ကားကိုပြန်လှည့်ကာ မောင်းပြေးသွားခဲ့သဖြင့် စစ်ဆေးရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ရကြောင်း သတင်းတွင် ရေးသားထားသည်။

ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ကို တွေ့ရှိခဲ့ရပြီး ခရီးသွား အထောက်အထားနှင့် နိုင်ငံကူးလက်မှတ်များ မတွေ့ရကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ဘတ် ၂၅၀၀၀ မှ ၂၉၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ဖော်ပြသည်။

တရုတ်နှစ်သစ်ကူးနေ့တွင် လမ်းကြောင်းအခြေအနေ တင်းကျပ်မည်ဟု မထင်သဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ခရီးပို့ဆောင်မှုအတွက် ဘတ် ၆၅၀၀ ရရှိခဲ့ကြောင်း ထိုင်းကားသမားက ထွက်ဆိုသည်ဟု ရေးသားထားသည်။

ဖမ်းဆီးရမိသော ကားသမားနှင့် မြန်မာအလုပ်သမားများကို ကိုဗစ်ပိုး ရှိမရှိစစ်ဆေးခဲ့ပြီးနောက် ဥပဒေအရ ဆက်လက်အရေးယူရန် ဝမ်ကျောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်အတွက် အပါအဝင် နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ပေးမှု အားလုံးကို ဇန်နဝါရီလ ၁၇ ရက်တွင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် မြန်မာအလုပ်သမားသည် တရားမဝင်လမ်းကြောင်းဖြင့်သာ ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်တော့မည်ဖြစ်ရာ တရားမဝင် လာရောက်မှု ပိုမိုများပြားလာနိုင်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက မှတ်ချက်ပြုထားကြသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း အယုဒ္ဓယခရိုင် ဘန်ကောက်လမ်းမကြီးတွင် ပစ်ကပ်ကားပေါ်၌ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးခံခဲ့ရသည်။

Ref: MGR Online