ထားဝယ်ကြက်ခြေနီအသင်း ၂၄ နာရီ အရေးပေါ်လူနာ ကူညီသယ်ဆောင်မှု ပြန်စမည်

0
2810

တစ်လကြာရပ်နားထားသည့် ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ၂၄ နာရီ အရေးပေါ်လူနာ ကူညီသယ်ဆောင်မှုကို ဇန်နဝါရီ ၂၄ ရက်နေ့ (မနက်ဖြန်) မှစကာပြန်လည် ကူညီသယ်ဆောင် ပေးတော့မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော် ယခုလောလောဆယ်အခြေအနေတွင် ထားဝယ်မြို့အတွင်း၌သာ ၂၄ နာရီ ကူညီသယ်ဆောင် ပေးနိုင်မည်ဖြစ်ကာ နယ်ဝေးအရေးပေါ်လူနာများကိုမူ မြို့အဝင်အထွက်ဂိတ်နှင့် အနီးဆုံးနေရာများအထိသာ သွားရောက် ကူညီသယ်ဆောင် ပေးနိုင်ဦးမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဖြစ်သူ ဦးဉာဏ်ဝင်းကပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊သရက်ချောင်း၊ ရေဖြူမြို့နယ်များမှ အရေးပေါ်လူနာများ ညဘက် အကူအညီတောင်းခံမည်ဆိုပါက မြို့အဝင်ထွက်ဂိတ်နှင့် အနီးဆုံးနေရာများသို့ မိမိအစီစဉ်ဖြင့် လာရမည်ဟု ၎င်းကဆိုသည်။

“လောလောဆယ်တော့ ရန်ပုံငွေအလုံလောက်မရှိသေးဘူး” ဟု ၎င်းကပြောသည်။

ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲသည် အရေးပေါ်လူနာ ကူညီသယ်ဆောင်ပေးခြင်းကို ရန်ပုံငွေအခက်အခဲနှင့် ပဋိပက္ခအခြေအနေများကြောင့် ယခင်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ယခုနှစ်ဇန်နဝါရီလ ၂၃ ရက်နေ့အထိ တစ်လကြာရပ်နားခဲ့ရသည်။