စီရော်နယ်ဒိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို လေလံတင်၊ ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်နိုင်တယ်လို့ မျှော်မှန်း

0
3071
Photos - Doha News

အယ်လ်နတ်စ်ဆာ – အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ရီယာ့ဒ်ဖိတ်ခေါ်ဖလားချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပွဲစဉ်မှာ ပီအက်စ်ဂျီဘက်ကနေ မက်ဆီ ဝတ်ဆင်ကစားပေးခဲ့တဲ့ဂျာစီအင်္ကျီကို လေလံတင်ထားလိုက်ပြီဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။

ပီအက်စ်ဂျီ ဟာ ဒီဂျာစီကို အယ်လ်နတ်စ်ဆာ – အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်တဲ့ အခုပွဲစဉ်အတွက် အထူးစီမံချုပ်လုပ်ခဲ့တာဖြစ်ပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ သီးသန့်အမှတ်တရ အထူးဂျာစီတစ်ထည်သဖွယ်ဖြစ်နေတာကြောင့် အခုဂျာစီကို လေလံတင်လိုက်ချိန်မှာ လူစိတ်ဝင်စားမှု အရမ်းများသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၀ ဂျာစီအင်္ကျီကို ၈၉ ယူရိုဈေးနှုန်းနဲ့ လေလံစဖွင့်ခဲ့တာဖြစ်ပြီး အခုအချိန်မှာအမြင့်ဆုံးပေးထားတဲ့ လေလံဈေးက ယူရို ၂၅,၀၀၀ ဆီ ရောက်ရှိနေပြီဖြစ်ပါတယ်။

အခုအချိန်မှာ ဂျာစီအင်္ကျီကို ပွဲစီစဉ်သူတွေက ထိန်းသိမ်းထားပြီး လေလံအောင်တဲ့သူကို အသိအမှတ်ပြု ထောက်ခံလက်မှတ်နဲ့အတူ ဂျာစီကို ပေးအပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားထားပါတယ်။

လက်ရှိမှာ လေလံပွဲရဲ့သက်တမ်းက ၈ ရက်တောင် အချိန်ကျန်နေသေးတဲ့အတွက် ဂျာစီအတွက် လေလံဈေး တိုးမြှင့်ပေးချေမှုက အပြိုင်အဆိုင် ထပ်ဖြစ်လာဦးမယ့်အခြေအနေတစ်ရပ်ဆီမှာ ရှိလို့နေပါတယ်။

မက်ဆီရဲ့ဂျာစီကို အမြင့်ဆုံးဈေး ပေးချေဝယ်ယူထားသူက တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဘာစီလိုနာမှာ မက်ဆီကစားနေတုန်းက မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို ယူရို ၄၃,၀၀၀ ပေးကာ ဝယ်ယူထားတာဖြစ်ပါတယ်။

အခုဂျာစီအင်္ကျီကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ အမှတ်တရပွဲတစ်ပွဲအနေနဲ့ ကစားတဲ့နေရာမှာ ဝတ်ဆင်ခဲ့တဲ့အထိမ်းအမှတ်ပစ္စည်းတစ်ခုသဖွယ်ဖြစ်နေလို့ လေလံဈေး ထပ်တိုးပေးပြီး ကမ္ဘာ့စံချိန်တင် အမြင့်ဆုံးဈေးနဲ့ လေလံအောင်တာမျိုးဖြစ်သွားနိုင်တယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်နေပါတယ်။