ကျူပင် ဈေးကောင်းရသဖြင့် လုပ်ကိုင်သူများ

0
2872

တံမြက်စည်းရက်လုပ်ရာတွင် အသုံးပြုသည့် မြိတ်ဒေသထွက် ကျူပင်များ ဈေးကောင်းရသဖြင့် ကျူခုတ်ယူ ရောင်းချသူ များပြားလာနေကြောင်း ကျေးရွာနေ‌တောင်သူတို့မှ သိရသည်။

၂၀၂၀ ပြည့်နှစ်ကဆိုလျှင် ကျူပင်တစ်ထောင်လျှင် ၂၃၀၀ ကျပ်ရရှိခဲ့ပြီး ယမင်နှစ်ကဆိုလျှင် ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရရှိခဲ့ကြောင်း တောင်သူများထံမှ သိရသည်။

ယခုနှစ်တွင် ကျူအပင်ရေတစ်ထောင်လျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ်အထိ ဈေးရရှိနေကြောင်း မြိတ်မြို့နယ် နန်းတော်ရာကျေးရွာနေသူအချို့က ဆိုသည်။

“ကျူဈေးကောင်းလို့ ရွာတိုင်းမှာ ကျူလှမ်းနေကြတာ။ အကြီးအကျယ်ကို လုပ်နေကြတာ” ဟု နန်းတော်ရာကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။

နှစ်စဉ် နွေရာသီရောက်တိုင်း ကျေးရွာအနီးတို့တွင် အလေ့အကျပေါက်ရောက်နေသည့် ကျူပင်များအား ခုတ်ယူနေလှန်းပြီး ရောင်းချရာကြကြောင်း တောင်သူများထံမှ သိရသည်။

လူတစ်ဦး တစ်ရက်လျှင် ကျူပင် အပင်ရေ ခြောက်ထောင်မှ ခုနစ်ထောင်ကျော်အထိ ခုတ်ယူနိုင်သဖြင့် တစ်ရက် ဝင်ငွေ နှစ်သောင်းငါးထောင်ကျပ်မှ သုံးသောင်းကျော်အထိ ရရှိနေကြောင်း သစ်ယာဝကျေးရွာအုပ်စုအတွင်းနေသူတို့မှ သိရသည်။

“ရာသီပေါ်အလုပ်လည်းဖြစ်တယ်။ မနှစ်ကထက်ဈေးပိုကောင်းတော့ ကျူခုတ်တဲ့သူတွေလည်း တအားပေါလာတယ်” ဟု သစ်ယာဝကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကျူပင်တို့အား ဝယ်ယူကာ မြို့ပေါ်ရှိ တံမြက်စည်းရက်လုပ်ကြသည့် ဒိုင်များအား ပြန်လည် ရောင်းချနေကြောင်း ကျူပင်များ တစ်ဆင့်ခံ ဝယ်ယူရောင်းချနေသူတစ်ဦးက ပြောဆိုသည်။

တံမြက်စည်းတို့အား ဒေသတွင်းဈေးကွက်အပြင် ထိုင်း၊ မလေးရှားနိုင်ငံတို့သို့ တင်ပို့ရောင်းချလေ့ရှိသည်။

လက်ရှိတွင် ပြည်ပသို့ ပို့နေရသဖြင့်ဈေးကောင်းခြင်းဖြစ်နိုင်ကြောင်း ကျူပင်များ တစ်ဆင့်ခံ ဝယ်ယူရောင်းချနေသူက ဆိုသည်။

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ တနင်္သာရီ၊ ပုလောနှင့် ကျွန်းစုမြို့တို့ရှိ ကျေးရွာအများစုတွင် ကျူလုပ်ငန်းအား ရာသီပေါ်လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လေ့ရှိကြသည်။

ကျူပင်ဈေးကောင်းရနေသလို အခြားတဖက်တွင်လည်း တံမြက်စည်းဈေး တက်လာသည်။

ပြီးခဲ့သည့်နှစ်က တံမြက်စည်းတစ်ချောင်းလျှင် ရှစ်ရာကျပ်မှ တစ်‌ထောင်ကျပ်အထိ ဈေးရှိခဲ့ပြီး ယခုနှစ်တွင် တစ်ထောင်နှစ်ရာကျပ်အထိ ရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။