ပိတ်လှောင်ခံထားရသည့် မြန်မာ ၇ ဦးကို ထားဝယ်အဖွဲ့၏ သတင်းပေးမှုဖြင့် ထိုင်းရဲကယ်ထုတ်

0
2945

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ စမူပကန်နယ်မြေတွင် လူကုန်ကူးခံရတော့မည့် အမျိုးသမီးနှစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ခုနှစ်ဦးကို ဇန်နဝါရီလ ၁၇ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း ကူညီပေးခဲ့သူထံမှ သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့မှ မြန်မာနိုင်ငံသား အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား ငါးဦးတို့ကို ဘန်ကောက်မြို့ရှိ မြန်မာပွဲစားက အခန်းတံခါးသော့ခတ်ကာ ပိတ်လှောင်ထားခဲ့ကြောင်း ကူညီပေးခဲ့သည့် Labour Protection Network ၏ Myanmar Migrant Labour Group အဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ဆိုသည်။

အဆိုပါမြန်မာနိုင်ငံသား ခုနစ်ဦးမှာ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခြင်းဖြစ်ပြီး ဘန်ကောက်မြို့ရှိ တိုက်ခန်းတွင် ၁၁ ရက်ခန့်အကြာ သော့ခတ်ပိတ်လှောင်ခံခဲ့ရကြောင်း ၎င်းက ပြောသည်။

ပိတ်လှောင်ထားသည့် မြန်မာပွဲစားက အလုပ်ရှာပေးမည်ဟုဆိုကာ ငွေကျပ် ၁၃ သိန်း ထပ်မံတောင်းခံခဲ့ပြီး ငွေမပေးနိုင်ပါက ထမင်းမကျွေးတော့သည့်အပြင် အမျိုးသား ငါးဦးကို ငါးဖမ်းလှေတွင် သွားရောင်းစားမည် ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကိုဟန်ဝင်းအောင်က ပြောဆိုသည်။

ထိုသို့ ခြိမ်းခြောက်ခံနေရသည့်အကြောင်းကို ထားဝယ်-တနင်္သာရီကွန်ရက် လူငယ်များအဖွဲ့ထံ အကူအညီ တောင်းခံလာကြောင်း ၎င်းက ဆိုသည်။

အဆိုပါအဖွဲ့က မြန်မာနိုင်ငံသားများကို ကယ်ထုတ်ပေးရန် ၎င်းကို ထပ်မံအကူအညီတောင်းခဲ့သည်ဟု ပြောဆိုသည်။

ထိုကြောင့် ထိုင်းအာဏာပိုင်များထံ ဆက်သွယ်ပြီး အဆိုပါမြန်မာနိုင်ငံသား ခုနစ်ဦးကို ချုပ်နှောင်ထားသည့် အခန်းကို စီးနင်းပြီး ကယ်ထုတ်နိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့က တအားရက်စက်တယ်။ သော့ခတ်ထားတာဗျာ။ တအားပူတယ်။ အပေါက်တောင် မထားဘူး အကုန်လုံး အလုံပိတ် ပိတ်ထားတာ” ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

လက်ရှိတွင် အဆိုပါ မြန်မာနိုင်ငံသားခုနစ်ဦးမှာ ရဲစခန်းတွင် ထားရှိပြီး ပွဲစားဖြစ်သူကို တရားစွဲဆိုပြီးပါက ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု သိရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အထွေထွေအကျပ်အတည်းနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် နိုင်ငံသားများမှာ အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားနေပြီး ရွှေ့ပြောင်းအလုပ်သမားအဖြစ် နေထိုင်ကြသည်။