ထားဝယ်တွင် နှစ်ပတ်ဆက်တိုက် ဆန်ဈေးတက်

0
2616

ထားဝယ်ဈေးကွက်တွင် ဇန်နဝါရီပထမပတ်မှစပြီး နှစ်ပတ်ဆက်တိုက် ‌ဆန်ဈေးတက်လာသည်ကို တွေ့ရသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် အကယ်ဒမီဆန်ကြမ်း ၂၄ ပြည် တစ်အိတ်ကို ၅၇၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၅၉၅၀၀ ကျပ် ဇန်နဝါရီ ၂၀ ရက်တွင် ၆၁၅၀၀ ကျပ်ဖြင့် ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။

ယင်းကြောင့် ဈေးကွက်ထဲတွင် နှစ်ပတ်အတွင်း တစ်အိတ်ကို ၄၅၀၀ ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင်ရွေဘိုပေါ်ဆန်းမှာလည်း နှစ်ပတ်အတွင်း တစ်အိတ်ကို ၁၀၉၀၀၀ ကျပ်မှ ၁၁၄၀၀၀ ကျပ်သို့ ၅၀၀၀ ကျပ် ဈေးတက်သွားသည်ဟု ထားဝယ်ဈေးကွက်အတွင်းရှိ ဆန်ရောင်းသူအမျိုးသမီးတစ်ဦးကပြောသည်။

ယခုနှစ် ထွက်ရှိလာသည့်ဆန်သစ်ဈေးမှာ ဆန်ဟောင်းထက်ဈေးနှုန်း လျှော့နည်းသော်လည်း ချက်မကောင်း သေးသဖြင့် လူကြိုက်နည်းလှသည်။

“ထမင်းချက်ကြည့်ပါ ဆန်သစ်ထက်ဆန်ဟောင်းက ထမင်းပိုတိုးတယ်။ ဆန်သစ်က ခုချိန်ဆိုနွဲ့(ပျော့)တယ်ပေါ့နော်၊ ထားဝယ်မှာက ဆန်သစ်စားရင် ဗိုက်နာတက်တယ် ဘာညာဆိုပြီး အယူရှိတော့ အဲဒါကြောင့်လည်းပါမှာပါ”ဟု၎င်းကပြောသည်။

ထားဝယ်ဆန်ဈေးကွက်ထဲတွင်လည်း ဆန်ဟောင်းမှာ နည်းလာနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ ဆန်သစ်များ စျေးကွက်အတွင်း စတင်ဝင်ရောက်လာပြီဖြစ်သည်။

အကယ်ဒမီဆန်ကြမ်းအသစ်မှာ ၂၄ ပြည်တစ်အိတ်ကို ၅၂၀၀၀ ကျပ်သာရှိရာ အဟောင်းထက် တစ်အိတ်ကို ကျပ်ကိုးထောင်ကျော်နီးပါ ဈေးလျှော့နည်းသည်။

ယင်းနည်းတူ ရွေဘိုပေါ်ဆန်း အသစ်ဈေးမှာလည်း တစ်အိတ်ကို ၈၈၀၀၀ ကျပ်ခန့်သာရှိရာ ဆန်အဟောင်းထက် ငွေကျပ် တစ်သောင်းခြောက်ထောင်ခန့် ဈေးလျော့နည်းကြောင်း ထားဝယ်ဆန်ဈေးကွက်ထံမှသိရသည်။

“နောက်တစ်လလောက်ဆို ဆန်သစ်လည်း ဆန်းဟောင်းနီးပါးဖြစ်‌‌ တော့မှာပါ။ ကျွန်မတို့ဆီမှာဆို ဆန်ဟောင်းကုန်တော့မယ်”ဟု အထက်ပါအမျိုးသမီးကပြောသည်။

ထားဝယ်ဆန်ဈေးကွက်တွင် ပေါ်ဆန်းဆန်အမျိုးအစားဖြစ်သည့် အကယ်ဒမီဆန် အစိမ်း‌ရောင် အမျိုးအစားမှာ ပြီးခဲ့သည့် ဇန်နဝါရီ ပထမပတ်က တစ်အိတ်လျှင် ၇၆၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၇၈၅၀၀ ကျပ်မှ ဇန်နဝါရီ  ၂၀ ရက်နေ့တွင် ၈၀၅၀၀ ကျပ်သို့ နှစ်ပတ်အတွင်း တစ်အိတ်လျှင် ၄၅၀၀ ကျပ်ဈေးတက်သွားသည်။

အကယ်ဒမီပေါ်ဆန်းဆန် အနီရောင်အမျိုးစားမှာလည်း ဇန်နဝါရီ ၁၃ ရက်နေ့က တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၇၂၀၀၀ ကျပ် ဖြင့်ပင်ဈေးငြိမ်နေပြီး ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ၇၄၀၀၀ ကျပ်ဖြင့် နှစ်ပတ်အတွင်း တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်သွားသည်။

သို့သော် အကယ်ဒမီပေါ်ဆန်းဆန် အစိမ်းရောင်နှင့်အနီရောင်အမျိုးအစား ဆန်အသစ်မှာ ထားဝယ်ဈေးကွက်သို့ ဝင်ရောက်လာခြင်းမရှိသေးပေ။

ထိုကြောင့် ဈေးကွက်တွင် အထက်ပါ လက်ကျန်ဆန်အဟောင်းများမှာ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း ထားဝယ်ဆန်ဈေးကွက်မှသိရသည်။