မင်းထိန်ရွာသားများကို ပုလောမြို့အတွင်း ဝင်ခွင့်မပြုသဖြင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပြီဟုဆို

0
3139

မြိတ်ခရိုင်၊ပုလောမြို့အတွင်းသို့မင်းထိန်ရွာသားများ ဝင်ထွက်သွားလာခွင့် မရသည့်အတွက် အခြေခံစားသောက်ကုန်အချို့ ပြတ်လပ်လာနေပြီဖြစ်ကြောင်း ရွာသားများ ထံမှသိရသည်။

ပုလောမြို့အတွင်းသို့ ယခင်က ထောက်ခံစာပြ၍ ဝင်ထွက်ဈေးဝယ်ခွင့်ရသော်လည်း လက်ရှိတွင် ယင်းထောက်ခံစာများ အကျုံးမဝင်တော့ဟုဆိုကာ ဝင်ခွင့်မပေးတော့သည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ရွာသားများကပြောသည်။

“မင်းထိန်အုပ်ချုပ်ရေးမှူးက ကျန်းမာရေးမကောင်းလို့ နားလိုက်ပြီ။ အဲဒါကြောင့် ပုလောအမှတ် ၅ ရပ်ကွက်လူကြီးက ထောက်ခံစာလုပ်ပေးထားတယ်။ အဲဒီ့ထောက်ခံစာပြလည်း အကျုံးမဝင်ဘူးဆိုပြီး ဝင်ခွင့်မပေးဘူး။ ထောက်ခံစာလည်း သိမ်းထားရစ်တယ်”ဟု မင်းထိန်ရွာနေ ဒေသခံအမျိုးသားက Dawei Watch သို့ပြောသည်။

ပုလောမြို့အတွင်းသို့ ဝင်ရောက်ရာတွင် မကျည်းကုန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ရပြီးမှသာ ဝင်ထွက်သွားလာခွင့် ပြုနေခြင်းဖြစ်သည်။

အခြားရွာမှ ဒေသခံများ ထောက်ခံစာဖြင့် ဝင်ထွက်သွားလာခွင့် ရနေသော်လည်း မင်းထိန်တစ်ရွာတည်း ဝင်မရသည့်အတွက် ရွာအတွင်း အခြေခံစားသောက်ကုန်အချို့ ပြတ်လပ်လာနေပြီဖြစ်ကြောင်း၊ ရေရှည်တွင် စားသောက်ရေး အခက်အခဲကြုံလာမည်ကို စိုးရိမ်နေရသည်ဟု ရွာသားများ ကပြောသည်။

“လူတောင်ပေးမဝင်ဘူးဆိုတော့ ဆန်ဆီတွေလည်း သွားဝယ်လို့မရဘူးဖြစ်နေတာပေါ့။ နာရေးဖျားရေး စားရေးသောက်ရေးအတွက်က ပုလောမြို့ပဲအားကိုးနေရတယ်ဆိုတော့ လူတွေကစိတ်ပူနေကြတာပေါ့။ လက္ကူး၊ မဒေါင်၊ ပိတတ် ရွာတွေကို အကုန်ပေးဝင်တယ်။ ကျွန်တော်တို့တစ်ရွာထဲ ပေးမဝင်ဘူး”ဟု ဒေသခံအမျိုးသားက ပြောသည်။

ရွာအတွင်းကုန်ခြောက်ရောင်းသည့် ဈေးဆိုင် တစ်ချို့လည်း ပစ္စည်းမရှိသဖြင့် အရောင်းအဝယ် ရပ်တန့်နေပြီး ဆိုင်ကယ်ဖြင့် ရွာစဥ်လှည့်ရောင်းသည့် ဈေးသည်အချို့ကိုသာ အားကိုးပြီး ဝယ်စားနေရသည်ဟု ဒေသခံ နောက်တစ်ဦးကပြောသည်။

ပုလောမြို့အတွင်းသို့ နေ့ဘက်တွင် ဝင်ထွက်၍မရသော်လည်း နံနက် ၄ နာရီမှ နံနက် ၆ နာရီဝန်းကျင်အထိကိုမူ ဈေးသည်များ သွားလာဈေးရောင်းခွင့် ပြုထားသေးကြောင်း ဒေသခံများကဆိုသည်။

“အရင်က ပုလောမှာမရှိရင် တိုပလဖက် သွားဝယ်လို့ရသေးတယ်။ ခုကအဲဒီဘက်ကိုလည်း လူတွေကသိပ်ပြီး သွားမရဲကြဘူး။ အပစ်အခတ်တွေ ခဏခဏဖြစ်နေတယ်ဆိုတော့”ဟု ဒေသခံအမျိုးသား ကပြောသည်။

မင်းထိန်ရွာအနီးတွင် ပဝတ်ကုန်း၊ကဒဲ၊သင်္ကန်းတော စသည့်ကျေးရွာများရှိပြီး လက်ရှိတွင် ယင်းကျေးရွာသုံးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကာ မင်းထိန်တစ်ရွာတည်းသာ ပုံမှန်နေထိုင်နေကြဆဲဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။

“အဓိကကတော့ ကျွန်တော်တို့ရွာသားတွေကို ထောက်ခံချက်ပေးပြီး ဝင်ထွက်ရောင်းဝယ်ခွင့် ပြုပေးဖို့ လိုနေတာပေါ့”ဟု ဒေသခံအမျိုးသား ကတောင်းဆိုသည်။

ပုလောမြို့နှင့် ပလမြို့တို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက် သွားလာမှုများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ လုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ပုလောမြို့အနီး ရှပ်ပုံရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက် နေအိမ်အချို့ မီးရှို့ခံခဲ့ရသည်။

မင်းထိန်ကျေးရွာတွင် အိမ်ခြေ သုံးရာကျော်ရှိပြီး ရော်ဘာနှင့်ဥယျာဥ်ခြံကို အဓိကလုပ်ကိုင်နေကြသည်။