စိန်ခေါ်ပွဲ ထပ်ထိုးဖို့ လက်မှတ်ထိုးလိုက်ပြီလို့ အောင်လအန်ဆန်း အသိပေး

0
3708
Photo – Bangkok Post

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲ ထပ်မံထိုးသတ်ဖို့အတွက် One Championship နဲ့ လက်မှတ်ရေးထိုးလိုက်ပြီလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပြီ ဖြစ်ပါတယ်။

မြန်မာ့ စပါးအုံးလို့ နာမည်ပေးအပ်မှည့်ခေါ်ခံထားရတဲ့ အောင်လအန်ဆန်းဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်နှစ်ပွဲဆက်တိုက် ပထမပွဲချီတွေမှာတင် ပြိုင်ဘက်တွေကို အလဲထိုးရလဒ်တွေနဲ့ အနိုင်ရရှိထားသူ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက ဂျပန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ယူရှင်း အိုကာမီ၊ ယခု ဇန်နဝါရီလ ၁၄ ရက်နေ့တုန်းက ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂယ်လ်ဗာအို တို့ကို အောင်လအန်ဆန်းက ဆက်တိုက်ပဲ အနိုင်ယူပြခဲ့ပါတယ်။

အောင်လအန်ဆန်းဟာ သူလက်လွှတ်ခဲ့ရတဲ့ ကမ္ဘာ့ချန်ပီယံရွှေခါးပတ် ၂ ခုကို ပြန်လည်ရယူပြနိုင်ဖို့ စိတ်အားထက်သန်နေပြီး လက်ရှိမှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကို ပြန်လည်ရယူနိုင်ရေးက အောင်လအန်ဆန်းရဲ့ဦးစားပေးပစ်မှတ် ဖြစ်လို့နေပါတယ်။

အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲ ထပ်မံထိုးသတ်ဖို့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပေမယ့် ပြိုင်ဘက်ကစားသမားက ဘယ်သူဖြစ်မယ်၊ ဘယ်နေ့မှာ ကျင်းပမယ့် ဘယ်ပွဲစဉ်မှာ ထိုးသတ်မယ်၊ ဘယ်လိုဝိတ်တန်းဖြစ်မယ်၊ ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ပွဲ ဖြစ်မယ်၊ မဖြစ်ဘူး စတာတွေကိုတော့ One Championship ကနေ သတင်းဆက်လက် ထုတ်ပြန်ပေးသွားလိမ့်မယ်လို့ သိရှိရပါတယ်။