တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3063

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၁၄ ရက်နေ့မှ ဇန်နဝါရီ ၂၀ ရက်နေ့အထိ

နယူးဇီလန်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် (Jacinda Ardern) က ရာထူးကနေ အနားယူတော့မှာဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ ဝင်တော့မှာ မဟုတ်ဘူးလို့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ်တာဝန်ကို သူ့ထက်ပိုပြီး စွမ်းဆောင်နိုင်မယ့်သူတွေ ရှိတယ်လို့ ယုံကြည်တဲ့အတွက် ရာထူးကနေ ဆင်းပေးမှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။

ဒီရာထူးရဲ့ တာဝန်ကြီးမှုကို သိသလို ကိုယ့်အနေနဲ့ လုပ်နိုင်စွမ်း မရှိတော့ဘူးဆိုတာကိုလည်း သိတဲ့အတွက် နှုတ်ထွက်တာဖြစ်ပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာ သူမအနေနဲ့ ဝန်ကြီးချုပ်အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်တဲ့နေ့ဖြစ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

သူ့နေရာမှာ အစားထိုးဖို့ လက်ရှိအာဏာရ Labour ပါတီအတွက်ခေါင်းဆောင်သစ်ရွေးပွဲကို လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

အခု အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဂျက်စင်ဒါ အာဒန်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ခွဲက နယူးဇီလန်မှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ရွေးကောက်တင်မြောက်ခံရတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။

Ref: BBC

………………………………..

မိုက်ခရိုဆော့ကနေ ဝန်ထမ်း တစ်သောင်း လျှော့ချမယ်

အမေရိကန် ဆော့ဖ်ဝဲလ်ထုတ်လုပ်တဲ့ မိုက်ခရိုဆော့ ကုမ္ပဏီဟာ အလုပ်အကိုင်ပေါင်း တစ်သောင်းကို လျှော့ချဖို့ရှိပြီး ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကို ပြန်လည်လည်ပတ်နိုင်မယ်လို့ ဇန်နဝါရီ ၁၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ရာထူးရပ်စဲတာလိုက်တာက အလုပ်သမား ၅ ရာခိုင်နှုန်းကို ထိခိုက်စေနိုင်ပြီး မတ်လကုန်မှာ အပြီးလုပ်ဆောင်သွားမယ်လို့ စီအီးအိုက ပြောဆိုထားပါတယ်။

သုံးစွဲသူတွေဟာ သူတို့ရဲ့အသုံးစရိတ်ကို ပြန်လည်ဆန်းစစ်ပြီး ကုမ္ပဏီကလည်း စီးပွားရေးကျဆင်းနိုင်ခြေရှိနေတဲ့အတွက် စီစဉ်ပြင်ဆင်နေရတာကြောင့်လို့ ဆိုပါတယ်။

မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ မနှစ်ကလည်း အလုပ်လျှော့ချမှုတွေရှိခဲ့ပြီး နည်းပညာလုပ်ငန်း နယ်ပယ်မှာ ထောင်သောင်းချီ အလုပ်အကိုင် ဆုံးရှုံးမှုတွေ ရှိနေခဲ့ပါတယ်။

Ref: The Guardian

………………………………..

တိဗက်ဒေသမှာ နှင်းပြိုကျပြီး အနည်းဆုံး လူ ၈ ဦးသေဆုံး

တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနောက်တောင်ပိုင်း လင်ကျိမြို့မှာ နှင်းပြိုကျလို့ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ တရုတ်သတင်းဌာနတွေကနေ ဖော်ပြပါတယ်။

ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်ဆယ်ယူရာမှာ အကူအညီပေးဖို့ကိုလည်း အဖွဲ့တွေကို အစိုးရက စေလွှတ်ခဲ့ပါတယ်။

ဥမင်လိုဏ်ခေါင်းအထွက် လမ်းကြားမှာ နှင်းထုပြိုကျခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူ အရေအတွက်ကိုတော့ တိတိကျကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာနေရာကို လူ ၁၃၁ ဦးနဲ့ ယာဉ် ၂၈ စီးတို့ကို ညတွင်းချင်း စေလွှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Ref: WION

………………………………..

နှစ်ပေါင်း ၄၀ ကျော်နောက်ပိုင်း တရုတ်ပြည် စီးပွားရေး အဆိုးဆုံးကျဆင်း

တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ဘေးရောဂါကို တင်းတင်းကြပ်ကြပ် တုံ့ပြန်ဆောင်ရွက်မှုအတွင်း နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုဟာ ဆယ်စုနှစ် ၄ ခုကျော်အတွင်း အဆိုးရွားဆုံးအဆင့်တခုကို ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း တရုတ်မှာ စီးပွားရေးဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်းသာရှိကြောင်း အမျိုးသား စာရင်းအင်းဌာနက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

ဒီရာခိုင်နှုန်းက ယခင်နှစ်က ၈.၁ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့မှုကနေ အများကြီး လျော့နည်းနေတာ ဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်နောက်ပိုင်း ကြုံတွေ့ခဲ့ရတဲ့ အဆိုးရွားဆုံး စီးပွားရေးနှေးကွေးမှုနောက်ပိုင်း ထပ်မံကြုံတွေ့ခဲ့ရတာလို့ သိရပါတယ်။

ကိုဗစ်ကပ်ဘေးရောဂါ စတင်ချိန်ကစလို့ တရုတ်အစိုးရက ကိုဗစ်လုံးဝကင်းစင်ရေး တင်းကြပ်တဲ့မူဝါဒကို ချမှတ်ကျင့်သုံးခဲ့ပြီး မြို့အတော်များများမှာ quarantines သီးခြားခွဲထားမှုနဲ့ လူစုလူဝေးလိုက် စစ်ဆေးမှုတွေ အသွားအလာ တားမြစ်ပိတ်ပင်ကန့်သတ်မှုတွေလည်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခဲ့ပါတယ်။

Ref: CNN

………………………………..

နီပေါလေယာဉ်ပျက်ကျမှုမှာ သေဆုံးသူထဲ အမေရိကန်နိုင်ငံသားတွေပါဝင်

နီပေါနိုင်ငံမှာ ဇန်နဝါရီ ၁၅ ရက်နေ့က လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့တဲ့သူတွေထဲမှာ အမေရိကန်နိုင်ငံသား နှစ်ဦးနဲ့ အမြဲတမ်း နေထိုင်ခွင့် (Greencard) ရထားသူ နှစ်ယောက်ပါဝင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Yeti လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ ဟိမဝန္တာတောင်ခြေမှာရှိတဲ့ Pokhara နိုင်ငံတကာလေဆိပ်ကို ဆင်းသက် လာနေချိန်မှာပဲ ပျက်ကျပြီး လေယာဉ်ပေါ်မှာ ပါလာတဲ့ လူ ၇၂ ယောက်လုံး သေဆုံးသွားခဲ့တာပါ။

သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ် (Ned Price) ကသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

လေယာဉ်မောင်းနှင် ပျံသန်းမှု မှတ်တမ်းတင် Black box တွေကိုတော့ လေယာဉ်ပျက်ကျပြီး တရက်အကြာမှာ ရှာတွေ့ထားပါတယ်။

Ref: USA Today

………………………………..

ယူကရိန်းတွင် ရဟတ်ယာဉ်ပျက်ကျရာ ပြည်ထဲရေးဝန်ကြီး အပါအဝင် ၁၄ ဦးသေဆုံး

ယူကရိန်းနိုင်ငံ ကိယဗ်နယ်မြေရှိ မူကြိုကျောင်းအနီးမှာ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့လို့ ယူကရိန်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးအပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ဟာ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပျက်ကျခဲ့တာဖြစ်ပြီး ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၂၈ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး Denis Monastyrsky၊ ပထမလက်ထောက်ဝန်ကြီး Yevheniy Yenin နဲ့ အတွင်းရေးမှူး Yuriy Lubkovychis တို့ဟာ ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တယ်လို့ ဝန်ကြီးဌာနအကြံပေး Anton Geraschenko က လူမှုစာမျက်နှာကနေ အတည်ပြုပြောကြားခဲ့ပါတယ်။

သေဆုံးသူ ၁၄ ဦးအနက် ၉ ဦးကတော့ ရဟတ်ယာဉ်ပေါ်ကဖြစ်ကြပြီး ကျန်တဲ့သူတွေကတော့ မြေပြင်က ဒေသခံတွေ ဖြစ်ကြပါတယ်။

Ref: CNN

………………………………..

လုပ်ခလစာတိုးပေးရေးအတွက် အင်္ဂလန်က သူနာပြုတွေ ဆန္ဒပြတောင်းဆို

အင်္ဂလန်နိုင်ငံမှာ သူနာပြုတွေက သူတို့ရဲ့ လုပ်ခလစာနဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး ၂ ရက်ကြာ သပိတ်ကို စတင်ခဲ့တယ်လို့ သိရပါတယ်။

ငွေဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတွေတက်ပြီး စားဝတ်နေရေးစရိတ်တွေ ကြီးမားလာတာကြောင့် တခြားအစိုးရဝန်ထမ်းတွေကလည်း သပိတ်ဆင်နွှဲခဲ့ကြတာကို သူနာပြုတွေက လိုက်လံပူးပေါင်းလိုက်တာပဲ ဖြစ်ပါတယ်။

သူနာပြုတွေက သူတို့အလုပ်ကို မသွားကြတော့ဘဲ လန်ဒန်မြို့လည်မှာ ဆန္ဒပြခဲ့ကြတာပါ။

ဒီနှစ်အတွက် သူနာပြုတွေရဲ့ လုပ်ခလစာကို တိုးတက်အောင် အစိုးရက အလေးအနက် ဆွေးနွေးဖို့ ပျက်ကွက်တယ်လို့ သမဂ္ဂက ပြောပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နဲ့ ၇ ရက်တွေမှာလည်း တော်ဝင်ကောလိပ် သူနာပြုသမဂ္ဂက သပိတ်မှောက်ဖို့ စီစဉ်ထားပါတယ်။

သမိုင်းတလျှောက် အဲဒီသပိတ်ဟာ အားအကြီးဆုံး သပိတ်ဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။

Ref: AP

………………………………..

ဗီယက်နမ်သမ္မတ ရာထူးကနုတ်ထွက်

ဗီယက်နမ်သမ္မတ ငွင်ရွှမ်ဖုခ် (Nguyen Xuan Phuc) ဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အနားယူလိုက်တယ်လို့ နိုင်ငံပိုင် မီဒီယာတွေက ဆိုပါတယ်။

ဝန်ကြီးချုပ်တာဝန်ယူထားစဉ် ၂၀၁၆ က ၂၀၂၁ အတွင်း သူ့လက်အောက်က အကြီးတန်းဝန်ကြီးတွေ အမှားလုပ်ခဲ့တာအတွက် သမ္မတဖုခ်မှာ တာဝန်ရှိကြောင်း ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလအစောပိုင်းကပဲ အမျိုးသားလွှတ်တော်ကနေ ဒုတိယ ဝန်ကြီးချုပ်နှစ်ဦးကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။

ဒုတိယ ဝန်ကြီးချုပ် ၂ ဦးနဲ့ ဝန်ကြီး ၃ ဦးအပါအဝင် တာဝန်ရှိသူတွေ ကျူးလွန်ခဲ့တာတွေအတွက် သမ္မတဖုခ်က နိုင်ငံရေးအရ တာဝန်ယူလိုက်တာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနကနေ ဖော်ပြထားပါတယ်။

Ref: CNN

………………………………..

အင်ဒိုနီးရှားဘောလုံးပွဲမှာ လူသေဆုံးမှုအတွက် တာဝန်ရှိသူငါးဦးကို စစ်ဆေး

အင်ဒိုနီးရှားနိုင်ငံက ဘောလုံးပွဲမှာ လူ ၁၃၅ ဦးအထိ သေဆုံးခဲ့တဲ့ အဓိကရုဏ်းကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တာဝန်ရှိသူ ၅ဦးကို တရားရုံးတင် စတင်စစ်ဆေးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ တရားစီရင်ရေး စနစ်အပေါ် ယုံကြည်လာအောင် သာမာန်ပြည်သူတွေအတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးစေလိုကြောင်း မိသားစုဝင်တစ်ဦးကနေ ဇန်နဝါရီလ ၁၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။

သေဆုံးထိခိုက်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကတော့ တရားမျှတမှုရရှိရေးကို မျှော်လင့်နေကြတာပါ။

လူတွေ သေဆုံးရတဲ့အထိ ပေါ့လျော့ခဲ့တဲ့အတွက် ရဲအရာရှိ ၃ ဦး နဲ့ လုံခြုံရေးအရာရှိ ၁ ဦး၊ ပွဲစီစဉ်သူ ၁ ဦး တို့ကို အစိုးရရှေ့နေတွေက ရာဇဝတ်ကြောင်းနဲ့ တရားစွဲလိုက်တာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

နှစ် ၃၀ ကြာ ပုန်းနေသော မာဖီးယားဂိုဏ်းခေါင်းဆောင်ကို အီတလီဖမ်းဆီး

အီတလီနိုင်ငံမှာ အလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင် Matteo Messina Denaro ကို Palermo မြို့ပေါ်က ပုဂ္ဂလိကဆေးခန်းတခုမှာ ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနကနေ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖော်ပြလိုက်ပါတယ်။

ဖမ်းမိပြီးနောက် ချက်ခြင်းဆိုသလို လျှို့ဝှက်နေရာတခုကို ခေါ်ဆောင်သွားတယ်လို့လည်း နိုင်ငံပိုင်ရုပ်သံသတင်းက ကြေညာပါတယ်။

အသက် ၆ဝ ရှိပြီဖြစ်တဲ့ Denaro ဟာ သူသတ်ခဲ့တဲ့သူတွေဟာ သင်္ချိုင်းကုန်းတခုစာလောက် ရှိတယ်ဆိုပြီး ဆိုဖူးတဲ့သူဖြစ်ပါတယ်။

Denaro ကို ဖမ်းဆီးနိုင်တာဟာ အီတလီနိုင်ငံမှာ ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အောင်ပွဲဖြစ်တယ်လို့ အီတလီဝန်ကြီးချုပ် Giorgia Meloni က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

Ref: BBC

………………………………..