ထိုင်းတောင်ပိုင်း ကားတိုက်မှုတွင် မလေးရှားသွားမည့် မြန်မာလုပ်သားတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

0
2797

မလေးရှားနိုင်ငံတွင် တရားမဝင် သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများ လိုက်ပါလာသော ကားသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကုန်တင်ကားကို နောက်မှဝင်တိုက်မိသဖြင့် တစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စူရတ်ဌာနီခရိုင် ထာ့ချနဒေသရှိ အမှတ် ၄၁ အာရှလမ်းမကြီးပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁ နာရီ ၄၀ မိနစ်က ကားတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန် မြန်မာအလုပ်သမား ခုနစ်ဦး လိုက်ပါလာသော Fortuner ကား၏ အရှေ့ပိုင်းသည် ဆိုးရွားစွာပျက်စီးနေပြီး ၂၂ ဘီးတပ် ကုန်တင်ကား၏ အနောက်ပိုင်းကို ဝင်တိုက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ကားတိုက်မှုကြောင့် မြန်မာအလုပ်သမားများသည် ကားထဲတွင် ညှပ်မိနေခဲ့ကာ တစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရကြောင်း သတင်းများတွင် ရေးသားထားသည်။

ကယ်ဆယ်ရေးအဖွဲ့များက ကားကို ဖြတ်စက်များဖြင့် ဖြတ်ကာ မြန်မာအလုပ်သမားများကို ကယ်ထုတ်ခဲ့ပြီး ကုသမှုများပေးပြီးနောက် ထာ့ချနဆေးရုံနှင့် ချိုင်းရားဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ကားထဲတွင် ကားမောင်းသူကို မတွေ့ရှိရသဖြင့် ထွက်ပြေးသွားသည်ဟု ယူဆရပြီး ထိုင်းနိုင်ငံသားဖြစ်နိုင်ကြောင်း ဆက်လက် ဖော်ပြသည်။

ကားသည် ရနောင်းခရိုင်မှတစ်ဆင့် ထိုင်းတောင်ပိုင်းနယ်စပ်သို့ သွားနေခြင်းဖြစ်ပြီး လမ်းတွင် ကားတိုက်မှုဖြစ်ပွားခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

ကားမောင်းနေချိန်တွင် ကားသမားသည် အိပ်ငိုက်သွားခြင်းဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောဆိုကြောင်း သတင်းတွင် ဖော်ပြသည်။  

မြန်မာအလုပ်သမားများကို ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ယင်းနောက် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Bangkok Post, Matichon Online