သရက်ချောင်းက မြေးအဖွားနှစ်ဦး ဥယျာဉ်ခြံသွားစဉ် မိုင်းထိ

0
2738

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ကျွဲခြံရွာက မြေးအဖွားနှစ်ဦး ဇန်နဝါရီလ ၁၈ ရက် နံနက် ၉ နာရီခန့်က ဥယျာဉ်ခြံသို့သွားစဉ် မိုင်းထိမှန်သဖြင့် ဆေးရုံတင်ထားရကြောင်း ဒေသခံအချို့ထံက သိရသည်။

ကျွဲခြံရွာမှ ဝင်းကဖော်ရွာဘက်သို့သွားသည့် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့်သွားစဉ် လက်လုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိုင်းစထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ကျွဲခြံရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူ့မြေးမှာတော့ ခေါင်းမှာရှပ်ထိတယ်ဆိုပြောတယ်။ သူ့အဖွားကတော့ နောက်ကျောဘက်မှာလား ခါးမှာဆိုလား မသိဘူး။ အခုက သရက်ချောင်းဆေးရုံမှာ။ မစိုးရိမ်ရဘူး။ သက်သာနေပြီဆိုပြောတယ်” ဟု ၎င်းက ဆိုသည်။

အဖွားဖြစ်သူ ဒေါ်သီးမေမှာ အသက် ၆၀ ကျော် အရွယ်ဖြစ်ပြီး မြေးဖြစ်သူ မပျိုပျိုမှာ ၁၅ နှစ်မှ ၂၀ နှစ်ကြား ဝန်းကျင် အရွယ်ဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။

မိုင်းပေါက်ကွဲသည့် နေရာမှာ ဝင်းကဖော်ကျေးရွာ တံတားအလွန်တွင်ဖြစ်ပြီး ယင်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်ကာ လမ်းသွားလမ်းလာဒေသခံများကို စောင့်ဖမ်းသည့်နေရာဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂ဝရက်က အဆိုပါ တံတားထိပ်အနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျွဲခြံရွာမှ အသက် ၆၀ကျော်အရွယ် ဦးမြင့်စိုးအပါအဝင် ဒေသခံခြောက်ဦးခန့် ဖမ်းဆီးခဲ့ပြီး ဦးမြင့်စိုးမှာ ယင်းနေရာတွင် ပစ်သတ်ခံခဲ့ရသည်။

အဆိုပါလမ်းပိုင်းတွင် ကင်းပုန်းဝပ်ကာ မကြာခဏ ဖမ်းဆီးနေသဖြင့် ယင်းလမ်းကို တောင်ပျောက်တိုက်နယ်က ဒေသခံများ အသုံးပြုလေ့မရှိတော့ဘဲ အခြားလမ်းမှ ပတ်ပြီးသွားလာနေကြသည်ဟု ဒေသခံအချို့က ဆိုသည်။

“ဘယ်သူဘက်က ထောင်ထားတာလဲဆိုတာကို ပြောမတတ်ဘူး။ လက်လုပ်မိုင်းဆိုပြောတယ်။ လက်လုပ်မိုင်းဆို စကစမှာ ရှိလား မရှိလားဆိုတာ ပြောမတတ်ဘူး။ ဒါပေမဲ့ ပျူစောထီးတွေမှာ ရှိချင်လည်း ရှိမယ်။ ဒီဘက်က လုံခြုံရေး အဖွဲ့က (PDF) ပြောတာကတော့ သူတို့ဘက်က ထောင်ထားတာမဟုတ်ဘူးလို့ ပြောတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

ဥယျာဉ်ခြံရှင်များမှာ ယခင်ကတည်းက လမ်းခရီးတွင် စစ်ဆေးဖမ်းဆီးမှုများကို ကြောက်လန့်သဖြင့် ဥယျာဉ်ခြံထဲကိုပင် မသွားလာရဲ ဖြစ်နေကြပြီး ယခု မိုင်းပေါက်ကွဲသည်ဆိုသည့်သတင်းကြောင့် ယခင်က အခြေအနေထက်ပို၍ ဥယျာဉ်ခြံထဲသို့ သွားရန် မဝံမရဲဖြစ်လာကြသည်ဟု ဒေသခံအချို့က ပြောသည်။

ယခုကာလသည် ကွမ်းသီးခြောက်လုပ်သည့် ရာသီဖြစ်သည်။