ထိုင်း ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် မြန်မာလုပ်သား ခုနစ်ဦးသေဆုံး

0
2640

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင် မဲကလောင်ဆိပ်ကမ်းတွင် ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းက လောင်စာဆီတင်သင်္ဘော ပေါက်ကွဲမီးလောင်မှုတွင် မြန်မာအလုပ်သမား ခုနစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာသံရုံးက ထုတ်ပြန်သည်။

ပေါက်ကွဲမီးလောင်မှုဖြစ်ပွားသည့် ဇန်နဝါရီလ ၁၇ ရက်တွင် မြန်မာအလုပ်သမားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ရပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နောက်ထပ်မြန်မာအလုပ်သမားခြောက်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့၏ အလောင်းများကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသော မြန်မာအလုပ်သမားများမှာ ကိုပိုက်ထွေး၊ ကိုဝင်းဘို၊ ကိုသူငယ်၊ ကိုဇော်မင်း၊ ကိုမောင်ဝင်း၊ ကိုမောင်စိုးနှင့် ကိုတင်လှတို့ဖြစ်ကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

“ကျွန်မအစ်ကိုအရင်းက ဖြစ်တဲ့နေ့မှာပဲ ရေထဲမှာတွေ့ခဲ့ပါတယ်။ စဖြစ်ဖြစ်ချင်းတော့ မယုံနိုင်သေးဘူး။ ပုလိပ် (ထိုင်းရဲ) တွေက ပေးမကြည့်သေးတော့လေ။ တွေ့ရတဲ့အချိန် ခြေထောက်တွေ မပါလာတော့ဘူး” ဟု သေဆုံး သွားသူ ကိုမောင်ထွေး၏ ညီမဖြစ်သူက Dawei Watch သို့ ပြောသည်။

အဆိုပါ လောင်စာဆီတင်သင်္ဘောသည် မောင်ဒေသ မဲကလောင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတွင် ပြုပြင်ထိန်းသိမ်းရန် အတွက် ရပ်နားထားထားစဉ် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခန့်တွင် မီးလောင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများသည် ဆီပိုက်လိုင်းများ ဂဟေဆော်သည့် လုပ်ငန်းများ ဆောင်ရွက်နေစဉ်တွင် ပိုက်လိုင်းအတွင်းရှိ ဆီလက်ကျန်များမှ တစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

သင်္ဘောပေါ်တွင် မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၁၀ ဦးခန့်နှင့် သင်္ဘောကျင်းတွင် အလုပ်သမား ၃၀ ခန့် လုပ်ကိုင်လျက်ရှိနေသောအချိန်တွင် ပေါက်ကွဲခြင်းဖြစ်သည်။

ပေါက်ကွဲမှုတွင် မြန်မာအလုပ်သမားများ ပါဝင်နေသဖြင့် မြန်မာသံရုံး တာဝန်ရှိသူများက ဇန်နဝါရီလ ၁၈ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များအားတွေ့ဆုံကာ ဘတ်ငွေ ၅၀၀၀ စီ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမား နှစ်ဦးကိုလည်း သံရုံးက ကူညီခဲ့ပြီး စမွတ်စွန်ခရမ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ကလည်း သွားရောက်တွေ့ဆုံခဲ့ပြီး လက်ဆောင်ပစ္စည်းများပေးခဲ့ကြောင်း ခရိုင်ကြက်ခြေနီတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ အသက်အာမခံကြေး၊ ဆုကြေးနှင့် နစ်နာကြေးများကို အမြန်ဆုံးရရှိရန် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်တို့နှင့် မြန်မာသံရုံးက ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။