ဝက်သားစျေးဆက်တိုက်မြင့်တက်၊ တရုတ်နှစ်ကူးကာလတွင် အမြင့်ဆုံးစျေးသို့ရောက်မည်ဟုဆို

0
3105

ထားဝယ်တွင် သီတင်းကျွတ်လမတိုင်မီက ဝက်သားစျေးမှာ တစ်ပိဿာ ၁၃၀၀၀ ကျပ်သာရှိသော်လည်း ယခု တစ်ပိဿာ ၁၈၀၀၀ ကျပ်အထိ ဖြစ်လာနေကြောင်း စျေးကွက်အတွင်းမှသိရသည်။

၂၀၂၂ ခုနှစ်ဒီဇင်ဘာလအထိ ဖောက်သည်ဈေး တစ်ပိဿာ ၁၅၅၀၀ ကျပ်ဖြင့်ရောင်းချပေးနေရာမှ ပြီးခဲ့သည့် ၁၀ ရက်ခန့်မှစပြီး တစ်ပိဿာ ၁၆၀၀၀ ကျပ်ဖြစ်လာသည်ဟု ထားဝယ်မြို့ ကမ်းနားဈေးမှ ဝက်သားရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ကတော့ ကုန်ကြမ်းရှားလို့ဆိုပြီး တက်တယ်ပြောတာပဲ၊ ဒါပေမဲ့ သူတို့ဝက်ပေါ်တာ တစ်ရက်မှမပြတ်ဘူး။ တစ်ခါတစ်လေဝက်သေရင်လည်း အသေသားကိုရေခဲစိမ်ပြီး အမတို့ကို တစ်ယောက်တစ်တုံးစီ ရောပြီး မျှထည့်ပေးသေးတယ်။ သူတို့မှာအရှုံးမရှိဘူး၊ နောက်ဆုံး ဈေးတက်လာတော့ ဝယ်ရောင်းသမားနဲ့ စားသမားပဲ ထိတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ထားဝယ်တွင် (ဝက်) သားသတ်လိုင်စင်ကို အစုရှယ်ယာရှင် ၂၀ ဦးခန့်ကစုပေါင်းကာ လေလံဆွဲသည့် စနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။

ယခုလာမည့် တရုတ်နှစ်သစ်ကူးနေ့မတိုင်မီ ဇန်နဝါရီလ ၂၀ နှင့် ၂၁ ရက် (နှစ်ရက်)တွင် ဖောက်သည်ဈေး တစ်ပိဿာ ၁၇၀၀၀ ကျပ်ဖြစ်တော့မည်ဟု ဝက်ဒိုင်က အခြားဝက်သားရောင်းသူနှင့် အားလုံးကို အသိပေးထားကြောင်း ၎င်းကပြောသည်။

အထက်ပါပြောဆိုချက်နှင့်ပတ်သက်ပြီး ဝက်ဒိုင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဝက်သားဈေး ထပ်တက်ဖို့မရှိကြောင်းနှင့် ယင်းသို့ပြောဆိုခဲ့ခြင်းမရှိကြောင်း ပြန်လည်ဖြေဆိုသည်။

ပြည်သူလူထု အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးချိန်တွင် အထွေထွေကုန်စျေးနှုန်း မြင့်တက်နေသလို ဝက်သားစျေးလည်း အလွန်အမင်း မြင့်တက်လာခြင်းကြောင့် စားသုံးနိုင်သူ နည်းပါးလာသည်။

“ဈေးကတက်လာတယ်ဆိုတော့ ဝယ်စားသမားလည်း နည်းလာတာပေါ့၊ ဒီနေ့ဆိုသွားကို သွားမဝယ်ဘူး။ မနေ့က လက်ကျန်ပဲရောင်းလိုက်တယ်။ အရင်တုန်းကလည်း မကုန်တဲ့နေ့တွေ့ရှိတယ်။ အခုက ပိုဆိုးလာတယ်။ ဒီလေးပိဿာ ငါးပိဿာလောက်လေးကိုပဲ တစ်ရက်ရောင်းရဖို့ဟာကို နှစ်ရက်လောက်ရောင်းနေရတာပေါ့”ဟု ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးမှ ဝက်သားရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဝက်သားကို စစ်တပ်ဈေးရှိ ဝက်ဒိုင်မှ တစ်ပိဿာ ၁၅၅၀၀ ကျပ်ဖြင့် ဝယ်ယူခြင်းဖြစ်ပြီး ၁၇၀၀၀ ကျပ်၊ ၁၈၀၀၀ ကျပ်ဖြင့် သင့်တော်သလို ပြန်ရောင်းသည်ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ဝက်သား တစ်ပိဿာ ၁၈၀၀၀ ကျပ်ဖြစ်လာသဖြင့် ယခင် ၅၀ သားဝယ်စားနေသည့်နေရာတွင် ၃၀ သားခန့်သာ ဝယ်စားဖြစ်တော့သည်ဟု ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးမှ ငါးခြောက်ရောင်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဝက်သားဈေးနှုန်းမှာ တစ်ပိဿာ ၁၆၀၀၀၊ ၁၇၀၀၀၊ ၁၈၀၀၀ ကျပ်ဖြင့်ဝယ်စားရသလို အလေးမပြည့်သည့် ဆိုင်များလည်းရှိသည်ဟု ဝက်သားစားသုံးသူအချို့က ပြောသည်။