ထားဝယ်တွင် ကိုဗစ်ကြောင့် လူခြောက်ရာကျော်သေဆုံး

0
2791

ကိုဗစ်ကပ်ဘေးကာလအတွင်း ထားဝယ်သုသာန်တွင် ကိုဗစ်နာရေးအလောင်း ခြောက်ရာကျော်ကို မီးရှို့သင်္ဂြိုဟ်ခဲ့ရကြောင်း နာရေးကူညီမှု (ထားဝယ်) ထံမှ သိရသည်။

ကိုဗစ်ကူးစက်မှုစတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ကိုဗစ်အလောင်း ၆၀၁ လောင်း မီးသင်္ဂြိုဟ်ခဲ့ရခြင်းဖြစ်သည်။

ထားဝယ်ဒေသတွင် ၂၀၂၁ ခုနှစ် ဇူလိုင်မှစကာ ကိုဗစ်ကူးကြောင့် သေဆုံးသူများပြားခဲ့ပြီး သုသာန်တွင် မီးသင်္ဂြိုဟ်ရန်ပင် မနိုင်ဝန်ဖြစ်ခဲ့ရသည်။

“ကိုဗစ်လို့ ဆေးရုံက စတင်အသိအမှတ်ပြုချိန်ကတည်းက စရေ (တွက်) တာပါ” ဟု နာရေးကူညီမှု (ထားဝယ်) ၏ အတွင်းရေးမှူးက ပြောသည်။

ထားဝယ်သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ရသည့် အလောင်း ၆၀၀ ကျော်တွင် မွတ်ဆလင်ဘာသာဝင်များ၏ နာရေးစာရင်း မပါဝင်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ အခြားမြို့နယ်များတွင် ကိုဗစ်ဖြင့်သေဆုံးခဲ့ရသည့် အလောင်းအချို့လည်း ရှိနေနိုင်သေးသည်။

ထားဝယ်ဒေသတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း သေဆုံးသူအရေအတွက်များလာပြီး တစ်ရက်လျှင် စုစုပေါင်း ၂၅ လောင်းအထိ မီးသင်္ဂြိုဟ်ခဲ့ရသည်။

ယင်းအချိန်မတိုင်မီက တစ်ရက်လျှင် အများဆုံး ရှစ်လောင်းခန့်သာ မီးသင်္ဂြိုဟ်ခဲ့ရသည်။

ထားဝယ်သုသာန်တွင် မီးသင်္ဂြိုဟ်စက် (လောင်တိုက်) အကြီး သုံးလုံးနှင့် အသေး တစ်လုံးရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ၁၂ လောင်းခန့်သာ သင်္ဂြိုဟ်ရန် အဆင်ပြေကြောင်း နာရေးကူညီမှု (ထားဝယ်) ထံမှ သိရသည်။

ထိုသို့သင်္ဂြိုဟ်ရသည့် အလောင်းများလာသည့်အတွက် မီးသင်္ဂြိုဟ်စက်များ ကြံ့ခိုင်မှု အားနည်းလာပြီး ပျက်စီးလာမည်ကို စိုးရိမ်ရသည်အထိ များပြားခဲ့သည်။

ယင်းသို့ ကိုဗစ်ကပ်ဘေးပြင်းထန်ချိန်က ကိုဗစ်လူနာများအတွက် အောက်ဆီဂျင် မလုံလောက်သည့် ပြဿနာနှင့်လည်း ရင်ဆိုင်ခဲ့ကြရသည်။

ထားဝယ်မြို့ရှိ အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်ရုံနှင့် စစ်ကောင်စီ၏ အောက်ဆီဂျင်စက်ရုံတို့တွင် အောက်ဆီဂျင် အလှူခံသူများဖြင့် ပြည့်နှက်နေခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားသူ ခြောက်သိန်းသုံးသောင်းကျော် ရှိခဲ့ပြီး သေဆုံးသူ တစ်သောင်းကိုးထောင်ကျော် (၁၉၄၉၀ဦး) ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကမ္ဘာတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၄ ဒသမ ၇ သန်းကျော် (၄,၇၂၀,၀၀၀ ဦး) ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ကိုဗစ်ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံတွင်လည်း ကိုဗစ်လုံးဝကင်းစင်ရေး Zero Covid မူဝါဒချမှတ်ပြီး လုပ်ဆောင်ခဲ့သေးသည်။

သို့သော် ဆန္ဒပြမှုများကြောင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။ ထိုသို့ရုတ်သိမ်းပြီးနောက်ပိုင်း ကိုဗစ်ဖြင့် သေဆုံးသူ ခြောက်သောင်းနီးပါးအထိ တိုးလာကြောင်း သတင်းများတွင် ဖော်ပြထားသည်။