သတ်သေချင်စိတ်ကို ကျော်ဖြတ်ခြင်း

0
2963

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးကျပ်တည်းမှု၊ အိမ်ထောင်ရေး အဆင်မပြေမှုများနှင့် လုံခြုံမှုမဲ့နေသည့် ဘဝကိုအဆုံးသတ်ရန် နောက်ဆုံးနည်းလမ်းက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်းဟု သူယုံကြည်လာခဲ့သည်။

သူနာမည်က ဒေါ်မျိုးသူဇာ CDM ကျောင်းဆရာမတစ်ဦး၊ ထားဝယ်မြို့နယ်အတွင်းနေထိုင်သူ ဖြစ်သည်။

သူ့ဘဝမှာ အခက်အခဲဆုံးကာလဟု ဆိုရမည့်အခြေအနေကို တစ်နှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဖြတ်ကျော်ခဲ့ရသည်။

ကြမ်းတမ်းလှသည့် အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း မရှိတော့ဟု ခံစားယုံကြည်လာချိန်တွင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် သူစတင်ကြိုးစားတော့သည်။

“ဘဝမှာတစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ ကြောက်စရာ အကောင်းဆုံးအခြေအနေပေါ့။‌ တော်ရုံလူဆိုရင် ရူးတောင်ရူးသွားနိုင်ပါတယ်။ နောက်ဆုံးဒီအခက်အခဲက ငါသာမရှိတော့ရင်ပြီးပြီ။ သေသွားရင်အားလုံးပြီးဆုံးသွားတော့မယ်ဆိုတဲ့အတွေး အချိန်တိုင်း ဖြစ်နေခဲ့တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်လယ်ပိုင်းက ရေတွင်းထဲခုန်ချသတ်သေရန် ကြိုးစားခဲ့သော်လည်း အိမ်နီးချင်းများ မြင်သွားသဖြင့် အထမမြောက်ခဲ့။

ထိုနောက် လပိုင်းအကြာတွင်ပင် ကြိုးဆွဲချသတ်သေရန် ကြံစည်ချိန်တွင်လည်း ကျန်ခဲ့မည့် သမီးနှစ်ဦးကို ထောက်ထားရင်း အသိတရားပြန်ဝင်လာသည့်အတွက် မလုပ်ဖြစ်တော့ဟု ဆရာမဒေါ်မျိုးသူဇာက ပြန်ပြောပြသည်။

ဆရာမ ဒေါ်မျိုးသူဇာမှာ ၂၀၂၁ ခုနှစ်ကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) လုပ်ထားသူဖြစ်ပြီး ကလေးနှစ်ယောက် အမေဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းမှု ၊ အိမ်ထောင်ရေးအဆင်မပြေမှုနှင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရမည့်အရေးကို စိုးရိမ်ရသည့်အတွက် စိတ်ထွက်ပေါက်မဲ့ကာ  ရုန်းထွက်ရန် ကြံစည်လုပ်ဆောင်ခဲ့ကြောင်း ဒေါ်မျိုးသူဇာက ရင်ဖွင့်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ ဖိနှိပ်မှု၊ နေရာအနှံ့ပစ်ခတ်တိုက်ခိုက်မှုများနှင့် အထွေထွေအကျပ်အတည်းကြောင့် ဒေါ်မျိုးသူဇာကဲ့သို့ပင် ပြည်သူများမှာ အနာဂတ်ပျောက်ဆုံးပြီး မွန်းကျပ်နေကြသည်။

ထိုမွန်းကျပ်မှု အခင်းအကျင်းကို အားတင်းကျော်ဖြတ်နေသူများရှိသလို အချို့ကလည်း ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြသူများလည်းရှိနေသည်။

ထိုကြောင့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဘဝကိုအရှုံးပေးသွားသည့် ကိုယ့်ကိုကိုယ်သတ်သေမှုများ ခပ်စိပ်စိပ်ရှိလာသည်။

သတ်သေကြသူများထဲတွင် အသက်ငယ်ရွယ်သူများ ပါဝင်သလို အသက်ကြီးပိုင်းများလည်း ရှိနေသည်။

ပြီးခဲ့သည့်လကလည်း ကမြောကင်းတံတားပေါ်မှ အသက်ကြီး အမျိုးသမီးတစ်ဦး ခုန်ချပြီး သတ်သေရန် ကြိုးပမ်းခဲ့သည်။

ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ စာရင်းအရ ထားဝယ်ဒေသတွင် ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း သတ်သေရန်ကြိုးပမ်းသူ ကိုးဦးရှိခဲ့သည်။

အဆိုပါစာရင်းမှာ ၎င်းတို့အဖွဲ့မှ ကူညီပေးခဲ့သည့် အရေအတွက်သာဖြစ်ပြီး မြေပြင်တွင်မူ ယင်းပမာဏထက် ပိုများနိုင်သည်။

သတ်သေကြသူများထဲတွင် အခြေခံလူတန်းစားဟုဆိုနိုင်သည့် ချို့တဲ့သူများက အများဆုံးဖြစ်ပြီး အသက်နှစ်ဆယ်ကျော်မှ အသက်ကြီးပိုင်းအထိ ပါဝင်ကြောင်း အထက်ပါအသင်းဥက္ကဋ္ဌက ဆိုသည်။

“ကြိုးဆွဲချသေဆုံးတဲ့သူတွေထဲမှာဆိုရင် ကလေးတန်းလန်းနဲ့ ကလေးမိခင်တွေလည်းရှိတယ် ။ စိတ်ခံစားမှုက သားသမီးအရွယ်ငယ်ငယ်လေးတွေကိုတောင် မကြည့်နိုင်လောက်တဲ့အထိ ဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံကဲ့သို့ သာမန်မဟုတ်သည့်အခြေအနေ၌ အချိန်ကြာမြင့်စွာ ပိတ်မိနေခြင်း၊ စိတ်ဖိစီးမှုများပြားခြင်းနှင့် အနာဂတ်ပျောက်ဆုံးနေသည့် အခြေအနေများက သတ်သေရန်တွန်းအားဖြစ်စေကြောင်း စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက Dawei Watch ကိုပြောသည်။

 “အကြာကြီးရှိနေတဲ့ အခြေအနေကိုကြုံရတဲ့ အကျပ်အတည်းကို အကြာကြီးကြုံနေရတဲ့ လူသည် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ မှာ စိတ်နာကျင်မှုတွေ ဒါမှမဟုတ် ဒီအကျပ်အတည်းကနေ သူ့ကိုယ်သူမကယ်ထုတ်နိုင်တာတွေ နောက်ပြီးတော့ စိတ်ကျတာတွေ ဖြစ်လာရင် လူတွေက ကိုယ့်ကိုယ်ကို အသက်ကိုပြန်ရန်ရှာပါတယ်။ လောကမှာမနေချင်တော့တဲ့ စိတ်ကူးတွေပေါ်ပြီးတော့ လက်တွေ့လုပ်သွားတာပေါ့နော်”ဟု စိတ်ကျန်းမာရေးဆရာဝန်က ဆိုသည်။

 ထိုသို့သော သာမန်မဟုတ်သည့် အခင်းအကျင်းတွင် စိတ်မွန်းကျပ်မှုများ၊ စိတ်ဖိစီးမှုနှင့် နာကျင်ခံစားရမှုများရှိလာပါက ယုံကြည်ရသူတစ်ဦးဦးထံတွင် ပွင့်လင်းစွာရင်ဖွင့်သင့်ကြောင်း ၎င်းက အကြံပြုသည်။

ယင်းကဲ့သို့ ခံစားနေရသည့် အကြောင်းအရာများကို ရင်ဖွင့်ရာတွင်လည်း ရှက်စရာမလိုဘဲ ပွင့်ပွင်းလင်းလင်း ပြောဆိုသင့်ပြီး နားထောင်ပေးသူကလည်း အပြုသဘောဆောင်သည့်စိတ်ဖြင့် နားလည်ပေးသင့်ကြောင်း အထက်ပါ စိတ်ကျန်းမာရေးဆရာဝန်က ဆိုသည်။

“သူငယ်ချင်းမိတ်ဆွေတွေကိုလည်း တိုင်ပင်ရင်ဖွင့်ဖို့အင်မတန်လိုအပ်တယ်။ တစ်ယောက်တည်းတွေးပြီး အားငယ်နေတာမျိုးမဟုတ်ဘဲနဲ့ပေါ့။သူတို့အားပေးစကားတွေကြောင့်လည်း ကိုယ်ကြိုးစားဖြစ်တာလည်း ပါတာပေါ့နော်” ၂ ကြိမ်တိတိ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ကြိုးစားခဲ့သည့် ဒေါ်မျိုးသူဇာက ဆိုသည်။

အလုပ်တစ်ခုပေါ် စွဲစွဲမြဲမြဲ နှစ်မြှုပ်ထားခြင်းကြောင့် စိတ်ညစ်စရာများ နည်းပါးသွားကြောင်း အလုပ်ထဲတွင် အာရုံစိုက်လိုက်ခြင်းကြောင့် စိတ်ညစ်မှုများနည်းပါးသွားသလို ပိုက်ဆံလည်းရကြောင်း ၎င်းက သူ့အတွေ့အကြုံကိုရှင်းပြသည်။

 နိုင်ငံအများစုတွင် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ ရင်ဖွင့်နှစ်သိမ့်နိုင်သည့် အခင်းအကျင်းများရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ယင်းဓလေ့မှာ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကာခြင်းမရှိသေးပေ။

လက်ရှိတွင်မူ နားထောင်နှစ်သိမ့်ပေးသည့် တတ်သိပညာရှင်များ၏ ဖုန်းနံပါတ်များ၊ ချိတ်ဆက်ပြောဆိုနိုင်မည့် ပလက်ဖောင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရသည်။

စိတ်ပညာနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များ၊ ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများက အကူအညီပေးရန် ကမ်းလှမ်းလာကြခြင်းဖြစ်သည်။

သတ်သေရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးသည့် CDM ကျောင်းဆရာမ ဒေါ်မျိုးသူဇာကတော့ ယခင်အမှားမျိုး ထပ်မလုပ်မိစေရန် ဘဝကိုအားတင်းကျော်ဖြတ်နေသည်ဟု ဆိုသည်။

“ကိုယ့်ထက်အခြေအနေဆိုးနေတဲ့သူတောင် ရှိသေးတာပဲဆိုတဲ့အတွေးမျိုး ဝင်လာတယ်။ စိတ်ရှုပ်နေရတဲ့ အရာတွေ တစ်နေ့နေ့အဆင်ပြေသွားမှာပါဆိုပြီး အားပြန်တင်းတာပေါ့” ဟုဆိုသည်။