ပျူစောထီးဒုခေါင်းဆောင်၏ ဖမ်းဆီးခံမိသားစုဝင်သုံးဦးအနက် တစ်ဦးပြန်လွတ်

0
2774

လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောက်နီမော်ရွာ ပျူစောထီး ဒုခေါင်းဆောင် ဦးစိုးသန်း၏ မိသားစုဝင်သုံးဦးအနက် တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများနှင့် မိသားစုဝင်များထံမှသိရသည်။

ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ခုက ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီခံရပြီးနောက် ဆယ်ရက်ခန့်အကြာတွင် သားငယ်ဖြစ်သူ မောင်ရဲခန့်ကျော်အား ပြန်လွှတ်ပေးလိုက်ပြီး မိခင်ဖြစ်သူမချိုလွင်ဦးနှင့် သားကြီးဖြစ်သူ မောင်ယဉ်ကိုထက်မှာမူ တစ်လနီးပါးကြာသည်အထိ မလွတ်လာသေးပေ။

“ဘာသတင်းမှလည်းမရသေးဘူး။ စိတ်ပူတာပေါ့နော် အမေကလည်း သွေးတိုးဆီးချိုရှိတယ်။ ခုဆိုရင်ဆေးပြတ်နေလောက်ပြီ အနည်းဆုံးတော့ ဖုန်းလေးနဲ့ပဲ ဆက်သွယ်ခွင့်တော့ပေးစေချင်တယ်။ ခုကဘာဖြစ်နေမှန်း မသိဘဲစိတ်ပူနေရတာ”ဟု ၎င်းကပြောသည်။

ဒေါ်ချိုလွင်ဦးနှင့်သားသုံးယောက်သည် ဒီဇင်ဘာ ၁၈ ရက်နေ့ ထားဝယ်မြို့သို့ ကင်းမွန်တက်ရောင်းစဉ် မိသားစုသုံးဦးစလုံး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဒေါ်ချိုလွင်ဦး၏ဖခင်မှာ လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးဒုခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ယခု ဖမ်းဆီးခံထားရသည့် မိသားစုဝင်များနှင့် စိတ်ဓာတ်၊ခံယူချက်ခြင်းကွာခြားသူ ဖြစ်ကြောင်းဒေသခံအချို့က ပြောသည်။

“သူသမီးက သူ့အဖေကို အမြဲတမ်းပြောတယ်။ လက်နက်မကိုင်ဖို့ လက်နက်စွန့်လွတ်ဖို့ သူသားလေးတွေဆိုရင်လည်း တကယ်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးတဲ့သူတွေ အပြစ်မရှိရင် အမြန်ဆုံး ပြန်လွတ်ပေးစေချင်ပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှာ ခိုင်လုံသည့် အချက်အချို့ရှိသဖြင့်သာ ဖမ်းဆီးထားခြင်းဖြစ်ပြီး အပြစ်မရှိပါက ပြန်လွှတ်ပေးမည်ဖြစ်၍ စိုးရိမ်ဖွယ်မရှိကြောင်း ဒေသခံအချို့ကလည်းဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှစ်လယ်ပိုင်းကလည်း လောင်းလုံးမြိုနယ် ကျောက်နီ‌မော်ရွာ၏ ပျူစောထီးခေါင်းဆောင် ဦးချစ်စန်းမောင်၏ ညီကိုလည်း PDF အဖွဲ့က ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့ဖူးသည်။