ပုလောရှပ်ပုံရွာတွင် တိုက်ပွဲပြင်းထန် အုပ်ချုပ်ရေးမှူးသေဆုံးဟုဆို

0
4117

မြိတ်ခရိုင်၊ပုလောမြို့အနီး ရှပ်ပုံရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အုပ်ချုပ်ရေးမှူးလည်း တိုက်ပွဲအတွင်းသေဆုံး သွားကြောင်း ဒေသခံများ ထံမှသိရသည်။

ရှပ်ပုံကျေးရွာ သင်္ချိုင်းဟောင်းအနီး စံပြရပ်ကွက်တွင် ယနေ့နေ့လယ် ၁ နာရီခွဲမှ စတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်သားအချို့လည်း သေဆုံးသွားသည်ဟု ကြားရကြောင်း ဒေသခံများကပြောသည်။

“အုပ်ကြီးအပါအဝင် စစ်သားတချို့ သေတယ်လို့ကြားတယ်။ ဖြစ်တဲ့နေရာနားမှာက အကွက်ရိုက်ရောင်းထားတဲ့ မြေကွက်တွေဆိုတော့ အိမ်တွေကနည်းတယ်။ ရွာသားထိခိုက်တာကတော့ မကြားရသေးဘူး” ဟု ဒေသခံအမျိုးသား ကပြောသည်။

စံပြရပ်ကွက်ရှိ ချောင်းကူးတံတားအား ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းခွဲပြီးနောက် ချောင်းတစ်ဖက်တစ်ချက်မှနေ၍ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေသည်ဟု ၎င်းတို့ကပြောသည်။

“”ခုထိလက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ ရွာသားတွေကတော့ အိမ်ထဲပုန်းနေရတာပေါ့။ ရွာမကြီးထဲရောက်လာရင် ပြေးဖို့တော့ အဆင်သင့်လုပ်ထားကြတယ်”ဟု ဒေသခံအမျိုးသမီးကပြောသည်။

ယနေ့ညနေ ၅ နာရီတွင် ပစ်ခတ်မှုများလျော့ကျသွားပြီး လုံးဝရပ်စဲခြင်းတော့မရှိသေးဟု ဒေသခံများကဆိုသည်။

ရှပ်ပုံကျေးရွာသည် ပုလောမြို့နှင့်အနီးဆုံး ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေထောင်ချီရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။