ထိုင်းတွင် ကလေးငယ်ချီထားသော မြန်မာမိခင်တစ်ဦး စတိုးဆိုင်ထဲ စားစရာ ဝင်ခိုးမိသဖြင့် ဖမ်းဆီးခံရ

0
3621

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အသက် တစ်နှစ်အရွယ် ကလေးငယ်ကိုချီထားသော မြန်မာအမျိုးသမီးမိခင်တစ်ဦးသည် 7-Eleven စတိုးဆိုင်ထဲ ဝင်ရောက်ခိုးယူမိသဖြင့် ဖမ်ဆီးခံရကြောင်း စတ်တဟစ်ရဲစခန်းက ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၃ ရက် ည ၁၀ နာရီခွဲခန့်တွင် စတ်တဟစ်ဒေသရှိ 7-Eleven စတိုးဆိုင်၌ မြန်မာမိခင်တစ်ဦးသည် ကလေးအနှီးခံ ၂ ထုပ်နှင့် မာမားခေါက်ဆွဲဘူး ၂ ဘူးတို့ကို ဝင်ရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၂၆နှစ်အရွယ် အဆိုပါအမျိုးသမီးသည် ၁၇၃ ဘတ်တန်ဖိုးရှိသော အဆိုပါပစ္စည်းကို ၎င်းနှင့် အတူပါလာသော အစိမ်းရောင်အိတ်ထဲသို့ ထည့်ကာ ခိုးယူရန်ကြိုးစားခဲ့သည်ဟု ဆိုသည်။

ခိုးယူမှုကို ဆိုင်ဝန်ထမ်းများက သိရှိသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး စတ်တဟစ်ရဲစခန်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။

မြန်မာအမျိုးသမီးသည် လွန်ခဲ့သော ၂ နှစ်ခန့်က ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ပြီး ကလေးမွေးဖွားပြီးနောက်တွင် ခင်ပွန်းဖြစ်သူက စွန့်ပစ်သွားခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုကြောင်း ဖော်ပြသည်။

စွန့်ပစ်ခံရပြီးနောက်ပိုင်းတွင် အကာကွယ်မဲ့နေကာ အလုပ်အကိုင်မရှိခဲ့သဖြင့် လမ်းဘေးနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်ကာ တောင်းရမ်းစားသောက်ကာ အသက်ရှင်နေခဲ့ရကြောင်းလည်း ထွက်ဆိုထားသည်။

ယင်းနေ့တွင် 7-Eleven ဆိုင်ရှေ့သို့ လမ်းလျှောက်လာခဲ့ပြီး ကလေးအနှီးဝတ်ရန်နှင့် အစားအသောက် လိုအပ်လာသဖြင့် ဝင်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စတ်တဟစ်ရဲစခန်းမှ ဒုရဲမှူးကြီးက အဆိုပါအမျိုးသမီးအကြောင်းကို သိရှိပြီးနောက် ကလေးနှင့် မိခင်အတွက် နို့နှင့် အစားသောက်များ ဝယ်ယူရန် အလှူငွေပေးအပ်ခဲ့သည်ဟု သတင်းများတွင် ရေးသားထားသည်။

ကလေးငယ်ကို ကူညီစောင့်ရှောက်ရန် ကလေးနှင့် လူငယ်ကာကွယ်စောင့်ရှောက်ရေးဌာနမှ ဝန်ထမ်းများကို ညွှန်ကြားခဲ့ကြောင်းလည်း ဖော်ပြသည်။

မြန်မာအမျိုးသမီးမှာမူ ပစ္စည်းခိုးယူမှုအတွက် အရေးယူခံရမည်ဖြစ်ပြီး ယင်းနောက် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Thairath, MSN