ထားဝယ်တွင် ဆန္ဒပြလူငယ်၏နေအိမ် ချိပ်ပိတ်ခံရ

0
2963

ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချိန်က တောက်လျှောက်ပါဝင်ခဲ့သည့် လူငယ်တစ်ဦး၏ နေအိမ် ချိပ်ပိတ်ခံလိုက်ရကြောင်း ကာယကံရှင်က ပြောသည်။

ထားဝယ်မြို့ ဆေးရုံလမ်းရှိ နေအိမ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ချိပ်ပိတ်ခဲ့ကြောင်း နေအိမ်ချိပ်ပိတ်ခံရသည့် ကိုတက်တိုးအောင်က ဆိုသည်။

“တော်လှန်ရေးသပိတ်စကတည်းက တော်လှန်ရေးထဲပါဝင်လာတော့ ကျွန်တော့်ကို မမိလို့ ဒီလိုလုပ်သွားတာလို့ ယူဆတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်က နေအိမ်ကို ချိပ်လာပိတ်ချိန်တွင် မိသားစုဝင်များက နယ်ဘက်ခရီးသွားနေချိန်ဖြစ်သလို ၎င်းကိုယ်တိုင်လည်း နေအိမ်တွင်မရှိကြောင်း ကိုတက်တိုးအောင်က ပြောသည်။

အိမ်နီးချင်းများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်ကား ခုနစ်စီးဖြင့် လာရောက်ပြီး ချိပ်ပိတ်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်အထိ ထားဝယ်ဒေသတွင် ချိပ်ပိတ်ထားသည့် နေအိမ် ဆယ်ချီရှိနေပြီဖြစ်သည်။

ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်မိုးမိုးသူ၏ ထားဝယ်မြို့ရှိ နေအိမ်နှစ်လုံးလည်း ချိပ်ပိတ်ခံထားရသည်။