ထားဝယ်တွင် ကြက်သွန်ဖြူဈေး ဆက်တိုက်မြင့်တက်

0
3149

ထားဝယ်ဈေးကွက်ရှိ အဝယ်ဒိုင်များတွင် ကြက်သွန်ဖြူအဟောင်း ပြတ်လုနီးပါးဖြစ်နေပြီး ကြက်သွန်ဖြူအသစ် စျေးကွက်အတွင်း ဝင်မလာသေးသည့်အတွက် ကြက်သွန်ဖြူဈေး ဆက်တိုက်တက်နေကြောင်း စျေးကွက်အတွင်းမှသိရသည်။

“ကြက်သွန်ဖြူအသစ် ထွက်ဖို့က နောက်တစ်လနှစ်လလောက် လိုသေးတယ်။ လက်ရှိအဟောင်းက ပွဲရုံတိုင်းမှာနည်းလာတဲ့အခါကျတော့ သူလိုသူဆွဲ ငါလိုငါဆွဲနဲ့ဈေးက မြင့်တက်လာတဲ့သဘောပါ”ဟု ထားဝယ်မြို့ရှိ ကုန်ခြောက်ပစ္စည်း လက်လီ၊လက်ကားရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၂၃ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူတစ်ပိဿာ ၄၉၀၀ကျပ်မှ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ၅၅၀၀ ကျပ် အထိမြင့်တက်ခဲ့သည်။

ယခုလ ဇန်နဝါရီ ၆ ရက်နေ့ဈေးကွက်ထဲတွင် ကြက်သွန်ဖြူတစ်ပိဿာ ၆၀၀၀ ကျပ်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် တစ်ပိဿာ ၆၅၀၀ ကျပ်ဖြစ်သွားသည်။

သုံးပတ်အတွင်း တစ်ပိဿာ ၁၆၀၀ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။

ကြက်သွန်ဟောင်းနည်းနေချိန် အသစ်မထွက်မီစပ်ကြားတွင် လအနည်းငယ်ခန့် ဈေးနှုန်းအတက်ဘက်‌ ရောက်နေခြင်းဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလကုန် မတ်လလောက်တွင် ဈေးပြန်ကျလာဖွယ်ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ယင်းသို့ပင် ကြက်သွန်နီဈေးမှာလည်း ပြီးခဲ့သည် အောင်တိုဘာ၊ နိုဝင်ဘာ၊ဒီဇင်ဘာ ပထမပတ်အထိ ကြက်သွန်နီ အဟောင်းပြတ်ချိန် ဖြစ်သဖြင့် ထားဝယ်ဈေးကွက်တွင် တစ်ပိဿာ ကျပ်ငါးထောင်နီးပါး ဈေးနှုန်းမြင့်တက်လာခဲ့သည်။

ကြက်သွန်နီအသစ် စတင်ထွက်လာချိန် ဒီဇင်ဘာ ဒုတိယပတ်မှစပြီး ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီဈေး ဆက်တိုက်ကျဆင်းလာသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၄၀၀၀ကျပ်မှ ယခုဇန်နဝါရီ ၁၃ ရက်တွင် တစ်ပိဿာ သုံးထောင်ကျပ်နီးပါးသာရှိတော့သည်။