တပ်ပိုင်မြေဟုဆိုကာ ကွမ်းစိုက်တောင်သူများကို ရာအိမ်မှူးနှစ်ဦးက ဖယ်ခိုင်း

0
2894

မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွာသစ်ရွာအတွင်း ကွမ်းရွက်ခြံစိုက်ပျိုးထားသည့် တောင်သူများကို တပ်ပိုင်မြေ ဟုဆိုကာ စစ်ကောင်စီခန့် ရာအိမ်မှူးနှစ်ဦးက ဖယ်ရှားခိုင်းနေကြောင်း ကွမ်းစိုက်တောင်သူအချို့နှင့် ရွာသားများထံမှ သိရသည်။

လွန်ခဲ့သည့် ဆယ်နှစ်နီးပါးမှစတင်ကာ ယခုအချိန်အထိ ယင်းမြေပေါ်တွင် ဒေသခံအချို့က ကွမ်းရွက်ခြံနှင့် ကွမ်းသီးပင်များ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

 လက်ရှိတွင် အဆိုပါနေရာသို့ သွားရောက်လုပ်ကိုင်ခွင့်မရဘဲ တားမြစ်ခံနေရကြောင်း တောင်သူများက ပြောဆိုသည်။

“စစ်တပ်က တရားဝင် လာပြောတာမျိုး မလုပ်ဘူး။ အလံနီတွေ ဘာတွေလည်း လာမစိုက်ဘူး။ ရာအိမ်မှူး နှစ်ယောက်ကပဲ တပ်ပိုင်မြေလို့ပြောပြီး လာနှင်ထုတ်နေတာ” ဟု ကွမ်းစိုက်တောင်သူတစ်ဦးကပြောသည်။

ယင်းကွမ်းခြံအနီးတွင် အမှတ် (၁၃) စစ်မြေပြင် ဆေးတပ်ရင်းတည်ရှိသည်။

တောင်သူများ လုပ်ကိုင်စားသောက်နေသည့် ယင်းမြေ ၅ ဧကနှင့် ပတ်သက်ပြီး တပ်ပိုင်မြေနှင့် ကင်းလွတ်ကြောင်း ၂၀၁၉ ခုနှစ်တွင် တပ်ရင်းမှူးကိုယ်စား ဗိုလ်ကြီးနေသူဝင်းက လက်မှတ်ထိုးထုတ်ပေးထားသည့် အထောက်အထား များလည်း တောင်သူများတွင် ရှိနေကြသည်။

လက်ရှိတွင် ယင်းဗိုလ်ကြီးမှာ ပြောင်းရွှေ့သွားပြီဟု တောင်သူတို့က ပြောသည်။

ယင်းနောက် အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီခန့် ရာအိမ်မှူးနှစ်ဦးက တောင်သူများ လုပ်ကိုင်စားသောက်နေသည့် မြေသည် တပ်ပိုင်မြေအတွင်း ပါဝင်နေသည့်အတွက် တစ်လအတွင်း ထွက်ခွာပေးရန် တပ်ထောက်ဗိုလ်ကြီးကိုယ်စား လက်မှတ်ထိုးထားသည့် စာတစ်စောင် လာရောက်ပေးခဲ့ကြောင်း တောင်သူများက ဆိုသည်။

“မြေကတော့ နိုင်ငံတော်ပိုင် စားကျက်မြေပဲ။ သိမ်းတယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းသိမ်းပေါ့ဗျာ။ အခုဆို ရာအိမ်မှူး တွေက ကျွန်တော်တို့ကို ရေတောင်လောင်းခွင့် မပေးတော့ဘူး။ရေပိုက်တွေလည်း ဆွဲဖြုတ်ကြတယ်။ ကွမ်းပင်တွေ လည်း ရေမရလို့ တချို့သေကုန်ပြီ။ တောင်သူတွေမှာ ဒီအလုပ်လေးလုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတာ” ဟု ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနများအနေဖြင့် တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်လည်း လိုလားနေကြောင်း တောင်သူများက ပြောဆိုသည်။

ရွာသစ်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး အများစုသည် ဥယျာဉ်ခြံစိုက်ပျိုးခြင်းနှင့် ဓနိလုပ်ငန်းတို့ကို လုပ်ကိုင်ကြသည်။