ကျိုက်ထို မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
2913

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်းကို အမည်မသိ သေနတ်သမားတို့က ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီခွဲခန့်က

မရမ်းချောင် ဘုရားကိုးဆူအနီးတွင် ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

အသက် ၄၇ နှစ်အရွယ် ဦးအောင်ထွန်းတွင် နဖူးကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့က ဆိုသည်။

ဦးအောင်ထွန်းမှာ ယခင် မရမ်းချောင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦး ပစ်သတ်ခံရသည့် ဇွန်လနောက်ပိုင်းမှသာအုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခံထားရသူ ဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။

“ဘုရားကိုးဆူအနားမှာ ပစ်သတ်ခံရတယ်။ သူက အုပ်ချုပ်ရေးမှူးဖြစ်လာတာမကြာသေးဘူး။ အရင် အုပ်ချုပ်ရေးမှူးကလည်း ဒီလိုပဲ ပစ်သတ်ခံရတာ” ဟု မရမ်းချောင်ဒေသခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က ကျေးရွာအတွင်း စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

မရမ်းချောင်ကျေးရွာအုပ်ချုပ်ရေးမှူးအား မည်သူတို့က ပစ်ခတ်ခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ဆယ်အိမ်မှူး တစ်ဦးနှင့် အမျိုးသားတစ်ဦးကို အမည်မသိသေနတ်သမားတို့က ပစ်သတ်သွားခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း၌ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအပြင်ဒလန်ဟု ဆိုသူများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရေလေ့ရှိသည်။