စစ်တပ်ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချခြင်းမလုပ်ရန် တနင်္သာရီ ပအဖ ထုတ်ပြန်

0
2785

မိုင်တဲ ဖုန်းဆင်းမ်ကတ်၊ ငွေဖြည့်ကတ် အပါအဝင် စစ်ကောင်စီတပ်တို့နှင့် ဆက်နွယ်နေသည့် ကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများ လုံးဝ မပြုလုပ်ကြရန် ကုန်ပစ္စည်း အမည်စာရင်းနှင့် တကွ တနင်္သာရီပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ယနေ့ ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်လိုက်သည့် စာရင်းတွင် မိုင်တဲ အပြင် အရက်၊ ဘီယာ၊ စီးကရက်နှင့် စားသောက်ကုန်များလည်း ပါဝင်နေသည်။

အရက်နှင့် ဘီယာတွင် Army Rum၊ Andaman Gold Blue၊ Andaman Gold Special၊ Black Shield Stout၊ Mandalay Beer၊ Myanmar Beer၊ Myanmar Premium Beer၊ Dagon Extra Strong Beer၊ Dagon Gin၊ Dagon Lager Beer၊ Dagon Malta Fresh၊ Dagon Rum၊ Dagon Single Malt Lager၊ Dagon Super Lager Beer တို့ပါဝင်သည်။

အချိုရည်စာရင်းတွင် Dagon Fresh Lemon Sparkling၊ Dagon Flesh Soda ပါဝင်သည်။

ယင်းအပြင် Red Ruby၊ Premium Gold စသည့် စီးကရက်များနှင့် ရွှေဖီဦး လဖက်ရည်ထုတ်၊ ငွေပင်လယ် ရေထွက်ကုန်များ၊ Sun Condensed နို့ဗူး၊ Royal Karaweik သကြား၊ Nya Pyi Taw သောက်ရေသန့်၊ Seven Sweented Condensed နို့ဗူး၊ ပဒုမ္မာဆပ်ပြာ၊ Dagon လက်သန့်ဆေးရည်များလည်း ပါဝင်သည်။

အဆိုပါ ကုန်ပစ္စည်းများအား ဖြန့်ဖြုးရောင်းချလျှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း တနင်္သာရီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။

“ဆင်းမ်ကတ် ဘီယာ ဆေးလိပ်တို့က သုံးနေကြသူတွေ ရှိသေးတယ်။ သူတို့က မသုံးနဲ့ဆို မသုံးကြရုံပဲရှိတယ်။ တခြားပြောင်းသုံးကြပေါ့။ ဒါက တော်လှန်ရေးကို အနိမ့်ဆုံးနည်းနဲ့ ကူညီခြင်းပဲလို့ မြင်တယ်” ဟု တနင်္သာရီမြို့နေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒကို အကောင်အထည်ဖော်လျှက်ရှိရာ လက်ရှိတွင် အသက်ဝင်နေပြီဖြစ်သည်ဟု ဒေသခံများ ပြောဆိုချက်အရ သိရသည်။