တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2869

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ

CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင်ရှိသည့် ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် Camp Victoria ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းတွင် စတင်ဗုံးကြဲတိုက်ခိုက်ခံရခြင်းပြီး ရဲမေ နှစ်ဦးနှင့် ရဲဘော်သုံးဦး ထိခိုက်ကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ ဌာနချုပ်နှင့် မိသားစုအိမ်ရာတို့ကို ဗုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲလည်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသတွင်းသတင်းအချို့တွင် ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုကို ဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် ဇန်နဝါရီလ ၁၁ရက်က ဟားခါးမြို့တွင် ဈေးဆိုင်များမဖွင့်ဘဲ အသွားအလာတိတ်ဆိတ်ငြိမ်သက်ကာ ပြသခဲ့ကြသလို ယောဒေသတွင်လည်း ဝတ်ပြုဆုတောင်းပွဲ လုပ်ခဲ့ကြသည်။ ယင်းသို့ လုပ်ဆောင်သဖြင့် ဖမ်းဆီးမှုများ၊ ဈေးဆိုင်များကို ချိတ်ပိတ်မှုများရှိသည်ဟုလည်း သိရသည်။

ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းတွင်လည်း ဌာနချုပ်၏ လူနာဆောင်များဘက်သို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ဆေးကုသဆောင်နှင့် လူနေအိမ်များ ပျက်စီးသည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။

အိန္ဒိယအစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိသေးသည့်အပြင် တစ်စုံတရာမတုံ့ပြန်ဘဲ နှုတ်ဆိတ်နေသည့် အပေါ် ဝေဖန်မေးခွန်းထုတ်မှုများရှိနေသည်။

အိန္ဒိယထဲ ဗုံးများ ကျရောက်မှု၊ တိုက်လေယာဉ်များ နယ်နိမိတ်ကျူးကျော် ဝင်ရောက်မှုများကို တုံ့ပြန်အရေးယူရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights က အန္ဒိယအစိုးရကို တိုက်တွန်းထားသည်။

CNF ဌာနချုပ်ကို လေကြောင်းဖြင့် ဗုံးတိုက်ခိုက်မည့် စစ်ကောင်စီတပ်တွင်းလျှို့ဝှက်စာမှာ နိုဝင်ဘာလဆန်းပိုင်းက ပေါက်ကြားခဲ့သေးသည်။

၂၀၂၃ တစ်နှစ်လုံး အပစ်ရပ်ထားသည်ဟုလည်း စစ်ကောင်စီက ဆိုထားသည်။ သို့သော် စစ်ရေးပြင်းထန်နေဆဲ ဖြစ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁ဝဖွဲ့အနက် တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းမှုများကို ငြင်းပယ်ထားသည့်အဖွဲ့ဖြစ်သည်။

………………………………..

သုံးနှစ်ကြာပိတ်ထားသည့် မြဝတီ-မဲဆောက်တံတားပြန်ဖွင့်ပြီ

ကိုဗစ်ကပ်ဘေးကြောင့် သုံးနှစ်နီးပါးကြာ ပိတ်ထားရသည့် မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ယခုဇန်နဝါရီလ ၁၂ရက်တွင် နှစ်နိုင်ငံစလုံးက ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ယင်းတံတားသည် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့်တံတားဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဝင်ထွက်သွားလာနေရသည့် အဓိက နေရာတစ်ခုလည်းဖြစ်သလို မြန်မာအလုပ်သမားများကို ပြန်လည်လွှဲပြောင်းပေး သည့် တံတားလည်းဖြစ်သည်။

တံတားအား ထိုင်းနိုင်ငံဘက်က ပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်အား တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဦးစွာ ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်းတံတကားကို ၂၀၂၂ ခုနှစ် မေလအစောပိုင်းကပင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ထိုင်းဘက်က တရားဝင် ကြေညာခဲ့သော်လည်း မြန်မာဘက်က လုံခြုံရေးအခြေအနေအရ ညှိနှိုင်းမှုအဆင်မပြေဟုဆိုကာ မဖွင့်လှစ်ခဲ့ပေ။

ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် တံတားနယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်တွင် ပိတ်လိုက်ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်တွင် ယင်းတံတားဂိတ်နှင့် တံတားအနီးတို့တွင် ဗုံးပေါက်ကွဲမှုများရှိခဲ့သည်။

………………………………..

ပစ်ခတ်မှု၊ ကန့်ကွက်မှုများနှင့် ရွေးကောက်ပွဲ လူဦးရေစာရင်းကောက်ယူမှု

ဓာတ်ပုံ – We Love Tanintharyi

ရွေးကောက်ပွဲခြေလှမ်းတစ်ရပ်ဖြစ်သည့် လူဦးရေစာရင်း မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်း ကောက်ယူမှုကို စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်တွင် စတင်လိုက်ပြီး ပထမနေ့တွင်ပင် ပစ်သတ်ခံရမှုဖြင့် ကြုံခဲ့ရသည်။

စာရင်းကောက်ယူရာတွင် ပြည်သူများ ပူးပေါင်းပါဝင်ခြင်း မလုပ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေး အင်အားစုများက ကွင်းဆင်းကောက်ယူမှုမတိုင်မီကပင် ထုတ်ပြန်တိုက်တွန်းထားသည်။ စာရင်းကောက်ယူမှု မလုပ်ရန်လည်း သတိပေးထားခဲ့ကြသည်။

စာရင်းစကောက်သည့်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် ပစ်ခတ်ခံရမှုဖြင့် ကြုံရသည်။ လောင်းလုံး မြို့နယ် ကမြောကင်းရွာတွင် စာရင်းကောက်ရန် လုံခြုံရေးလိုက်ပါလာသည့်အဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်သဖြင့် မောင်းမကန်နယ်မြေရဲစခန်းက ဒုရဲအုပ်သိန်းထိုက် ပွဲချင်းပြီးသေဆုံးခဲ့သည်။

မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်းကျေးရွာတွင်လည်း ဇန်နဝါရီလ ၁၃ရက်က စာရင်းလိုက်ကောက်နေစဉ် သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်သဖြင့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးမတို့ သေဆုံးခဲ့သည်။

မန္တလေးတွင်လည်း လူဦးရေစာရင်းလိုက်ကောက်နေသည့် အဖွဲ့များ ဗုံးဖောက်ကွဲ သတိပေးခံရခြင်းအချို့ ရှိခဲ့သည်။

စစ်ကောင်စီကမူ လဝက ကောက်ယူထားသည့်စာရင်း မြေပြင်နှင့် ကိုက်ညီခြင်းရှိမရှိ ကောက်ယူခြင်းပြီး ရွေးကောက်ပွဲတွင် မဲစာရင်းအမှားအယွင်း နည်းစေရန်ဟု ဆိုသည်။

တော်လှန်ရေးအင်အာစုများကမူ စစ်ကောင်စီကို ဆန့်ကျင်နေသူများ၏ စာရင်း၊ ကိုယ်ရေးအချက်အလက်များကို သိရှိရန် ကောက်ယူနေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းအပြင် ရွေးကောက်ပွဲ လုပ်ရန်ကြိုးပမ်းမှုကိုလည်း ဆန့်ကျင်နေကြခြင်းဖြစ်သည်။

လူဦးရေစာရင်းကောက်ယူမှုကို ယခုလကုန်အထိလုပ်ဆောင်မည်ဟု စစ်ကောင်စီက ဆိုထားသည်။

………………………………..

အာဆီယံ၏ မြန်မာအထူးသံ အသစ်

မြန်မာ့အရေးဖြေရှင်းရန် အာဆီယံအထူးသံတမန်အဖြစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူသည့် အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က တာဝန်ယူလိုက်ပြီဖြစ်သည်။

အာဆီယံ အထူးသံတမန်ရုံးကို ဖွင့်လှစ်ထားပြီး ၎င်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

မြန်မာ့အကျပ်အတည်း ထွက်ပေါက်ရအောင် အစွမ်းကုန်ကြိုးစားမည်ဟုဆိုပြီး အဓိက သက်ဆိုင်သူအားလုံး တွေ့ဆုံခွင့်ရကာ စေ့စပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ကြိုးစားသွားမည်ဟုလည်း ၎င်းက ကတိပေးထားသည်။

အာဆီယံဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်မှု အားနည်းသည့်အပေါ်လည်း ဝေဖန်ထားသည်။

စစ်ကောင်စီဘက်ကမူ ၎င်းတို့က အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသည့် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံညှိနှိုင်းမှု မလုပ်ရန် သတိပေးထားသည်။

………………………………..

တရုတ်ဖွင့်ပြီး မြန်မာဘက်က ဆက်ပိတ်ထားသည့် နယ်စပ်ဂိတ်များ

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်က နယ်စပ်ဂိတ်သုံးခုကို ဇန်နဝါရီလ ၈ရက်တွင် တရုတ်ဘက်က ဖွင့်လှစ် လိုက်သော်လည်း မြန်မာဘက်က ဖွင့်လှစ်ခြင်း မရှိဘဲ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

မူဆယ်-ကြယ်ဂေါင် ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန်ဝိန်းဂိတ်တို့ကို ယူနန်ပြည်အစိုးရက ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

နယ်စပ်ဂိတ်ဖွင့်မည့်အရေး နိုင်ငံအဆင့် အကြောင်းကြားခြင်းမဟုတ်ဘဲ ပြည်နယ်အဆင့်က အကြောင်းကြား ကြေညာခြင်းကြောင့် မြန်မာဘက်က မဖွင့်ဟု သတင်းအချို့တွင် ဖော်ပြကြသလို ကြယ်ဂေါင်အနီးက ရွှေလီတွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းကြောင့်ဟုလည်း ဖော်ပြကြသည်။

ပြည်တွင်းက ထွက်သည့် ဆန်၊ ပဲ၊ အသီးအနှံ၊ ရေထွက်ကုန်စသည်တို့ကို တင်ပို့နေပြီး နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှုတန်ဖိုး အများဆုံးဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုဗစ်ကြောင့် ပိတ်ခဲ့ရခြင်းဖြစ်ပြီး သုံးနှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်သည်။

………………………………..

ကရင်တွင် လေကြောင်းတိုက်ခိုက်မှု အရပ်သားငါးဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU မူတြော်ခရိုင် (ဖာပွန်) ၊ လေးဝါးကျေးရွာကို ဇန်နဝါရီလ ၁၂ရက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်လေးစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားငါးဦးသေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ကတ်သလစ်သင်းအုပ်ဆရာ စောရယ်ဒီ၊ နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာတော် စောချမ်းအေး၊ အသက် ၃နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူ၊ နောက်ထပ် ရွာသားတစ်ဦးတို့ သေဆုံးခဲ့သည်။

ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ပြီး ဘုရားကျောင်းများနှင့် စာသင်ကျောင်းတို့လည်း ပျက်စီးခဲ့သည်ဟုဆိုသည်။

………………………………..

ရန်ကုန်မြို့ထဲ အမိုးနီးယားယိုစိမ့်မှု လူ ၄၀ကျော် ဆေးရုံတင်ရ

ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ ရေခဲစက်ရုံတွင် အမိုးနီးယားယိုစိမ့်မှုကြောင့် အနီးဝန်းကျင်က ပြည်သူ ၄၀ကျော်ကို ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများက ဆိုသည်။

အမှတ် (၁၃) ရပ်ကွက် မာလာမြိုင် (၂) လမ်း အုတ်ကျင်းမှတ်တိုင်အနီးက ရေခဲစက်တွင် ဇန်နဝါရီလ ၁၂ ရက် ညက အမိုးနီးယားများ ယိုစိမ့်ခြင်းဖြစ်ပြီး ဓာတ်ငွေ့ရှူရှိုက်မိသည့် ပြည်သူများ အသက်ရှူကြပ်ခြင်း၊ အချို့သတိလစ်ခြင်းများ ရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

အနီးဝန်းကျင်က ဒေသခံများမှာလည်း အခြားနေရာသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ကြရသည်။

ဓာတ်ငွေ့ယိုစိမ့်မှုကို နှစ်နာရီကျော်အကြာ ယင်းနေ့ ည ၁၁ နာရီခန့်တွင် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ရန်ကုန်နေ ပြည်သူများက လူနေရပ်ကွက်ထဲ ရေသန့်စက်ရုံများရှိနေသဖြင့် အလားတူဖြစ်ရပ်များ ထပ်ဖြစ်မည်ကို စိုးရိမ်နေကြသည်။

………………………………..

မီးအကြီးအကျယ်လောင်သည့် Grand Royal အရက်ချက်စက်ရုံ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင်ရှိသည့် Grand Royal အရက်ချက်စက်ရုံ ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းတွင် မီးလောင်ပျက်စီးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခဲ့သည်။

ညနေ ၃နာရီ ခွဲဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့က Level 3 အဆင့်သတ်မှတ်ကာ တပ်ဖွဲ့ဝင် ငါးရာကျော်၊ မီးသတ်ကားအစီးရေ ၆၀ကျော်တို့ဖြင့် အချိန်လေးနာရီကျော်ကြာ ငြှိမ်းသတ်ပြီးမှ မီးငြိမ်းသွားခဲ့ သည်ဟု မီးသတ်ဘက်က ထုတ်ပြန်ထားသည်။

မီးကြွင်းမီးကျန်များကိုမူ နောက်နေ့အထိ ငြိမ်းသတ်ခဲ့ကြရသည်ဟု ဆိုသည်။ မီးလောင်သည့် အကြောင်းအရင်း ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

မီးလောင်မှုတွင် အရက်ဆီဂါလန် ငါးသောင်းဆံ့သည့် ကန်သုံးလုံး၊ အရက်လီတာ နှစ်သောင်းဆံ့သည့် ကန်ခြောက်လုံး၊ ဂိုဒေါင်သုံးလုံး မီးလောင်ကျွမ်းခဲ့သည်။ စက်ရုံအတွင်း ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

Grand Royal Group ထိုင်းအဖျော်ယမကာအုပ်စု Thai Beverage Public ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သည်။

………………………………..

ဘန်ကောက်မူးယစ်မှုတွင် စစ်ကောင်စီခေါင်းဆောင် မိသားစုပိုင်ဆိုင်မှုများပါဝင်နေခြင်း

မြန်မာစစ်ကောင်စီတပ်၏ လက်နက်ပွဲစားဟုဆိုသည့် ခရိုနီလုပ်ငန်းရှင် ဦးထွန်းမင်းလတ် ထိုင်းနိုင်ငံ ဘန်ကောက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံရပြီး ၎င်းထံမှ ဖမ်းမိရာတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သားသမီးများ၏ ပိုင်ဆိုင်မှုအချို့လည်း ပါဝင်နေကြောင်း Justice for Myanmar က ဇန်နဝါရီလ ၁၁ရက်က ထုတ်ပြန်သည်။

ဟိုတယ်ထားဝယ်ပိုင်ရှင်လည်းဖြစ်သူ ဦးထွန်းမင်းလတ်ထံမှ ဖမ်းမိသည့်ပစ္စည်းများ (တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်) တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သော အိပ်ခန်းလေးခန်းပါ အဆင့်မြင့်ဇိမ်ခံကွန်ဒိုအခန်း တစ်ခန်းနှင့် သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်၏ Siam Commercial Bank ၏ ဘဏ်စာအုပ်နှစ်အုပ် ပါဝင်နေသည်ဟု ဆိုသည်။

ကွန်ဒိုတိုက်ခန်းများမှာ ကာလတန်ဖိုး ဒေါ်လာ တစ်သန်းခန့် ဈေးရှိသည်ဟုဆိုသည်။

ဦးထွန်းမင်းလတ်ကို လုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ ထိုင်းရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့်အတူ ဘတ်သန်း ၂၀၀ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သည်။

ယင်းနောက် ဦးထွန်းမင်းလတ်၏ ဘတ်သန်း ၁၈၀၀ ကျော်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများလည်း ထပ်မံ သိမ်းဆည်းခံခဲ့ရသည်။

ဦးထွန်းမင်းလတ်ကို စွဲဆိုထားသည့် ရာဇဝတ်အမှုများတွင် စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများကြားတွင် ဆက်စပ်နေသော သက်သေအထောက်အထားများ ရှိသော်လည်း ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင် ထားခြင်း မရှိသေးဟုလည်း JFM က ဆိုသည်။

ထို့ကြောင့် ထိုင်းအစိုးရအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်သူများက ဝေဖန်ပြစ်တင်မှုများရှိနေသည်။

………………………………..

ထောင်ဝင်ခွင့် ပိတ်ခံရသည့် ပုသိမ်ထောင်

ပစ်ခတ်ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပုသိမ်ထောင်ကို ထောင်ဝင်စာပါဆယ်ပို့ခွင့် တစ်လပိတ်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို ကိုးကားကာ RFA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

နိုင်ငံရေးအကျဉ်းသားတစ်ဦးထံမှ ကီးပတ်ဖုန်း တွေ့ရှိမှုကြောင့် အကျဉ်းသားအချို့ကို ခေါ်ယူရိုက်နှက်စစ်ဆေးခံ ခဲ့ရသည်။ ၎င်းတို့ကို ပြန်လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုရာ ဇန်နဝါရီလ ၆ ရက်တွင် ပစ်ခတ်ဖြိုခွဲခံခဲ့ရသည်။

ယင်းဖြစ်စဉ်တွင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးသေဆုံးပြီး ၇၀ ခန့် ဒဏ်ရာရခဲ့သည်။

ယင်းဖြစ်စဉ်ပြီးနောက် ထောင်ဝင်စာပါဆယ်ပို့ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ပထမပတ်တွင်သာ ပြန်ခွင့်ပြုမည်ဖြစ်သည်ဟု ဆိုသည်။

အကျဉ်းသားများကို ထပ်တိုးတရားစွဲဆိုခြင်းများရှိသည်ဟုလည်း ဆိုသည်။

………………………………..

တိုက်လေယာဉ်ကြောင့် ထွက်ပြေးပုန်းခိုရသည့်ကလေးငယ်များ

ကယား (ကရင်နီ) ပြည်နယ် ဖယ်ခုံမြို့နယ် အနောက်ကယန်းအုပ်စုအတွင်း တိုက်လေယာဉ်များ ပျံဝဲလာသဖြင့် ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံများ အထိတ်တလန့်ဖြစ်ကာ ထွက်ပြေးတိမ်းရှောင်ပုန်းခိုခဲ့ကြရသည်။

ဇန်နဝါရီလ ၁၀ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် လာရောက်ပျံဝဲခဲ့ခြင်းဖြစ်ပြီး နာရီဝက်ကျော်ကြာ ပျံဝဲနေခဲ့သည်ဟု ကရင်နီပြည်နယ် လူငယ်အစည်းအရုံး (UKSY) က ထုတ်ပြန်သည်။

………………………………..