ကံပေါက်တွင် လူဦးရေစာရင်းကောက်သူများကို ဒေသကာကွယ်ရေးအဖွဲ့သတိပေး

0
2855

ရေဖြူမြို့နယ် ကံပေါက်ဒေသအတွင်းရှိ ကျေးရွာအုပ်စုများအတွင်း လူဦးရေစာရင်းကောက်ရာတွင် ပါဝင်သူများကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) က သတိပေးချက်ထုတ်ပြန်ထားသည်။

လူဦးရေစာရင်းကောက်ခြင်းကို ဆက်လက်မလုပ်ဆောင်ကြရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဟု ဇန်နဝါရီလ ၁၂ရက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကံပေါက်ဒေသအတွင်းရှိ ကံပေါက်၊ အုန်းပင်ကွင်း၊ သဲချောင်း၊ ဖောင်းတော၊ ဇာဒီ၊ အိန္ဒရာဇာ၊ နတ်ကြီးစင်၊ မင်းသား၊ ကျွဲသုံးညီမ၊ ဖားချောင်း စသည့် ကျေးရွာအုပ်စု ၁၀ ခုအတွက် သတိပေးထားခြင်းဖြစ်သည်။

ကံပေါက်ဒေသတွင် ကျေးရွာဆယ်ရွာရှိသည့်အနက် ကံပေါက်ကျေးရွာ စက်ကုန်းရပ်ကွက်တစ်ခုတည်းတွင်သာ လူဦးရေစာရင်းကောက်နေသည်ကိုတွေ့နေရဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

စက်ကုန်းရပ်ကွက်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်းလိုက်ကောက်နေခြင်းမဟုတ်ဘဲ ရပ်ကွက်ဓမ္မာရုံသို့ ခေါ်ယူကာ အိမ်ထောင်စုစာရင်းဖြည့်ခိုင်းနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဓမ္မာရုံကို အိမ်ထောင်စုစာရင်း ယူလာခိုင်းပြီးတော့ သူတို့မှာပါတဲ့ စာရွက်ထဲဖြည့်သွင်းသွားတာပါ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

လူဦးရေစာရင်းကောက်ယူရာတွင် ပြည်သူများ မပူးပေါင်းကြရန်နှင့် ကောက်ယူသူများကို သတိပေးသည့် ထုတ်ပြန်ချက်များ တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားကြသည်။

လူဦးရေစာရင်း စကောက်သည့် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကမြောကင်းရွာတွင် စာရင်းလိုက်ကောက်နေသည့်အဖွဲ့ကို လုံခြုံရေးလိုက်လာသည့် ဒုရဲအုပ်တစ်ဦးပစ်သတ်ခံလိုက်ရသည်။

စစ်ကောင်စီက ယခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆိုကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်နေ့အထိ လူဦးရေစာရင်းကောက်မည်ဟု ထုတ်ပြန်ထားသည်။