မကြာခဏ တိုက်ခိုက်ခံနေရသည့် လောင်းလုံးမြို့နယ်က ရဲစခန်းတစ်ခုကို စစ်ကောင်စီတပ် လက်လွှတ်စွန့်ခွာ

0
3298

‌ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏဝင်ရောက်တိုက်ခိုက်နေသည့် လောင်းလုံးမြို့နယ် သကျက်တောနယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်လွှတ်စွန့်ခွာသွားပြီဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

ဇန်နဝါရီလ ၁၃ ရက်ညအချိန်က စွန့်ခွာသွားခြင်းဖြစ်ပြီး နောက်တစ်နေ့မနက် ( ဇန်နဝါရီလ ၁၄ ရက်မနက်) မှ စစ်ကောင်စီတပ်သားများ စခန်းစွန့်သွားသည်ကို ဒေသခံများက သိရှိခဲ့ခြင်းဖြစ်သည်။

“စခန်းကနေသူတို့( စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ထွက်သွားတာကို အစကမသိဘူး။ စခန်းတံခါးကြီးပွင့်ပြီးတော့ တိတ်ဆိတ်နေတာကိုတော့ သတိထားမိတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

နောက်ပိုင်းမှ တစ်ယောက်စကားတစ်ယောက်ကြားပြီး ရဲစခန်းအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာသွားသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့က သကျက်တောရဲစခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦး ရဲစခန်းအပြင်ဖက်သို့ထွက်ပြီး ထန်းရည်ဝယ်ချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် စခန်းကိုစွန့်ခွာသွားခြင်း ဖြစ်သည်။

ထိုကဲ့သို့ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်ကလည်း ပြည်သူနေအိမ်နှစ်ဆောင်နှင့် ထန်းရည်တဲတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ယင်းသို့ပစ်ခတ်ခံရချိန်က စခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သာရှိသည်ဟုဆိုသည်။

ထန်းရည်ဆိုင်အနီးပစ်ခတ်မှုဖြစ်ပြီးနောက် နောက်ထပ် အင်အား ၁၀ ဦးကျော်ထပ်မံဖြည့်တင်းခဲ့သည်ဟု ဆိုသည်။

စခန်းမစွန့်ခွာခင် နှစ်ရက်ခန့်အလိုတွင်လည်း နောက်ထပ်အင်အား ၂၀ ကျော် ထပ်ရောက်လာခဲ့သဖြင့် စခန်းအတွင်း ခန့်မှန်းအင်အား ၄၀ နှင့် ၅၀ ကြားရှိနေခဲ့ကြောင်းဆိုသည်။

“အာရုဏ်တက်ချိန် ၃ နာရီလောက်မှာ ချောင်းတစ်လျောက် အင်အား ၂၀ လောက်နဲ့ ထပ်ရောက်လာသေးတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးကို ကိုးကားပြီး ဒေသခံတစ်ဦးကဆိုသည်။

အင်အားဖြည့်တင်းခြင်းအတွက် ထားဝယ်မြစ်အတိုင်း ရေလမ်းခရီးကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၎င်းကဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်ည လူအများသတိမထားမိသည့်အချိန် ရှိသမျှအင်အားအလုံးအရင်းဖြင့် စခန်းစွန့်ခွာသွားခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။

“ရဲစခန်းထဲမှာ တစ်ယောက်မှမရှိတော့တာတော့ သေချာတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

သို့သော် သကျက်တောရွာအတွင်းမူ လူသွား၊ လူလာနည်းပါးနေဆဲဖြစ်ကြောင်း၎င်းကဆိုသည်။

၂၀၂၂ ခုနှစ် မေလ ၅ ရက်ကလည်း သကျက်တောနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညဘက်လာရောက် ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

ထိုကဲ့သို့တိုက်ပွဲဖြစ်ပွားပြီးနောက် သကျက်တောရဲစခန်းအနီးရှိ နေအိမ် ၆ ဆောင်မှ အိမ်ရှင်များကို အိမ်ပေါ်မှမောင်းချပြီး စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲနေထိုင်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

“ညဘက်ဆိုရင် အဲဒီအိမ်တွေပေါ်မှာနေတယ်။ နေ့ဘက်ဆိုရင်တော့ စခန်းထဲမှာပဲနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

မောင်းချထားသည့်နေအိမ်မှ သစ်သားများကိုအသုံးပြုကာ ရဲစခန်းအတွင်း ကင်းတဲစခန်းများ ဆောက်လုပ်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

စခန်းကိုစွန့်ခွာသွားပြီးနောက် ရဲစခန်းအတွင်းဆောက်ထားသည့် ကင်းတဲစခန်းများကို ဖျက်ဆီးထားပစ်ခဲ့သည့်အပြင် ရဲစခန်းအပြင်ဘက်က ဆိုင်ဘုတ်ပေါ်မှ စာသားများကိုပါ ဖျက်ဆီးထားသည်ကို တွေ့ရသည်ဟု မျက်မြင်တွေ့သူတို့ကဆိုသည်။

“ရဲစခန်းတံခါးကြီးလည်းပွင့်နေတယ်။ စခန်းထဲက အဆောင်တွေမှာလည်း တံခါးတွေအကုန်ပွင့်နေတယ်။ စခန်းရှေ့က သဲအိတ်တွေနဲ့ကာထားတဲ့ ဘန်ကာတစ်ခုပဲ မဖျက်ပစ်ဘဲကျန်ခဲ့တယ်” ဟု ၎င်းကဆိုသည်။

ဧရိယာစတုရန်းမိုင် ၃၅၅ ခန့်ကျယ်ဝန်းပြီး အနောက်ဘက်တွင် အန်ဒမန်ပင်လယ်၊ အရှေ့ဘက်တွင် ထားဝယ်မြစ်ဖြင့် ကာရံထားသည့် ရှည်မျှောမျှော လောင်းလုံးကျွန်းဆွယ်တွင် ရဲစခန်းတစ်ခု၊ နယ်မြေရဲစခန်း ၂ ခု၊ စစ်ကောင်စီခြေလျင်တပ်ရင်းတစ်ရင်းရှိသည်။

လက်ရှိတွင် သကျက်တောနယ်မြေရဲစခန်းမှာ စွန့်ခွာသွားပြီဖြစ်သဖြင့် လောင်းလုံးမြို့၏ တောင်ဘက်အစွန်ဆုံး ရှင်မော်စေတီအထိ စစ်ကောင်စီတပ်နှင့် ရဲစခန်းများ မည်မည်ရရမရှိတော့ပေ။

သပြေရှောင်ကျေးရွာအနောက်ဘက် တောင်ထိပ်တစ်နေရာတွင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းငယ်တစ်ခုသာ ကျန်တော့သည်။

လောင်းလုံးမြို့၏ မြောက်ဘက်တွင်မူ အမှတ် ၁၀၄ ခြေလျင်တပ်ရင်းတစ်ရင်း၊ မောင်းမကန်ကျေးရွာတွင် နယ်မြေရဲစခန်းတစ်ခုရှိသည်။

အဆိုပါမောင်းမကန်နယ်မြေ ရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်က မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။