သထုံတွင် လူဦးရေစာရင်းကောက်နေသော အုပ်ချုပ်ရေးမှူးနှင့် စာရေးမ ပစ်သတ်ခံရ

0
2988

မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်းကျေးရွာတွင် မဲစာရင်းလိုက်ကောက်နေသည့် အုပ်ချုပ်ရေးမှူးနှင့် စာရေးမတို့ ပစ်သတ်ခံရကြောင်း သိရသည်။

တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့် စာရေးမတို့သည် ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က ကျေးရွာအတွင်း လူဦးရေစာရင်း လိုက်လံကောက်ခံနေစဥ် ပစ်ခတ်ခံရခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စာရေးမသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး အုပ်ချုပ်ရေးမှူးကတော့ ရရှိသည့်သေနတ်ဒဏ်ရာဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု သိရသည်။

“အုပ်ချုပ်ရေးမှူးက ဆေးရုံရောက်ပြီးမှ သေသွားတယ်လို့ သိရတယ်။ သူတို့က ရွာထဲမှာ လူဦးရေစာရင်း ကောက်နေရင်း ပစ်ခတ်ခံရတာ” ဟု တောင်စွန်းဒေသခံတစ်ဦးက ပြောသည်။

တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးမတို့ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီထောက်တိုင် ပြုလုပ်ပေးနေသူများ ရွေးကောက်ပွဲ အကောင်အထည် ဖော်သူများအား မည်သူ့ကိုမှ ငဲ့ညှာနေမည်မဟုတ်ဘဲ ဆက်လက်ရှင်းလင်းသွားမည်ဟုလည်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲ ကျင်းပရန်လုပ်ဆောင်နေသည့် စစ်ကောင်စီက လူဦးရေစာရင်း ကောက်ခံမှုများ လုပ်ဆောင်လျက်ရှိပြီး ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လူဦးရေစာရင်း ကောက်ခံသည့်လုပ်ငန်းစဉ် ဆက်လက်မလုပ်ဆောင်ရန် သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လူဦးရေစာရင်းကောက် လှုပ်ရှားမှုမှာ တော်လှန်ရေး လုပ်နေသူများကို ဖမ်းဆီးနှိပ်ကွပ်ရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း တော်လှန်ရေး အဖွဲ့များကဆိုသည်။

ယင်းအပြင် ဇန်နဝါရီ ၁၃ ရက်နေ့ညက ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာမှ ဆယ်အိမ်မှူး ဦးပေါ်ထွန်းနှင့် ဇော်မင်းဆိုသူတို့ နှစ်ဦးလည်း အမည်မသိ သေနတ်သမားတို့က ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

 အဆိုပါ ဦးပေါ်ထွန်းတို့နှစ်ဦးတို့ အသတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

သထုံခရိုင်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်မြို့နယ်အတွင်း၌ အုပ်ချုပ်ရေးမှူးများ၊ ဒလန်ဟု သတ်မှတ်ခံရသူများ၊ အစိုးရဝန်ထမ်းများကို ပစ်သတ်မှု မကြာခဏဖြစ်ပွားလေ့ရှိသည်။