ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3146

အပြောင်းအလဲနည်းနေသည့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် ရုတ်တရက် ထိုးတက်လာသည်။

အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းနီးပါးအထိ တက်လာပြီး ထိုင်းဘတ်ဈေးလည်း တဖြည်းဖြည်းတက်နေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အတက်ကြမ်းသည့် ရွှေဈေး

ပြီးခဲ့သည့်အပတ်က ၂၇ သိန်းစွန်းစွန်းသာရှိခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် ကျပ်တစ်သိန်းနီးပါးအထိ ခုန်တက်သွားသည်။

ဇန်နဝါရီလ ၉ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်း (၂၇၆၀၀၀၀ကျပ်)ဖြင့် ဈေးဖွင့်ခဲ့သည်။

ထိုနောက် နေ့တိုင်းနီးပါး ဈေးတက်လာပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွက် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း(၂၈၄၀၀၀၀ ကျပ်) အထိ ဈေးမြောက်သွားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ကျော်အထိ မြင့်တက်ခဲ့ဖူးသည်။

ယင်းနောက် စက်တင်ဘာလနှောင်းပိုင်းတွင် တဖြည်းဖြည်း ပြန်ကျလာခြင်းဖြစ်သည်။

ရွှေနှင့်အတူ တက်လာသည့် ဘတ်ဈေး

ပြီးခဲ့သည့်အပတ်က အလှုပ်အခတ်စဖြစ်လာသည့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် ရွှေဈေးနှင့် အပြိုင် ပြန်တက်လာသည်။

တနင်္လာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၃ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ နောက်ရက်များတွင် ၈၅ ကျပ်ကျော်လာခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၇၀ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ပြန်လှုပ်လာသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်စွန်းစွန်းဖြင့် ငြိမ်နေရာမှ ယခုအပတ်တွင် ပြန်လှုပ်လာသည်။

92 ဓာတ်ဆီတစ်လီတာလျှင် ကျပ်၂၀၀၀ ကျော်မှ ၂၁၀၀ ကျပ်ကျော် ဖြစ်လာခြင်းဖြစ်သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၆၅ ကျပ်ဖြစ်လာခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၂၀ ကျပ်မှ ကျပ် ၃၂၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အတက်ကြမ်းခဲ့သည့်ရွှေဈေးမှာ လာမည့်အပတ်တွင် အနည်းငယ်ပြန်ကျလာနိုင်ကြောင်း သုံးသပ်ရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမှာ ဆက်တိုက်တက်နေပြီး ဇန်နဝါရီလ ၁၅ ရက်နေ့ ပေါက်ဈေးအရ တစ်အောင်စလျှင် ၁၉၂၀ ဒေါ်လာစွန်းစွန်းဖြင့် ဈေးဖွင့်ထားသည်။

ကမ္ဘာ့ရွှေဈေးတက်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း လိုက်တက်နေခြင်းဖြစ်ကြောင်း ရွှေရောင်းဝယ်သူအချို့က ဆိုသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးတက်နေခြင်းကို ပြန်လည်ထိန်းညှိရန်ဟုဆိုကာ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရွှေကုန်သည်များ အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။

ထိုကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ ၂၈ သိန်းဝန်းကျင်တွင် အရောင်းအဝယ်ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ထိုင်းဘတ်ဈေးမှာ လာမည့်အပတ်တွင်လည်း တရွေ့ရွေ့ဖြင့် ဈေးဆက်တက်နေမည့် အနေအထားဖြစ်သည်။

လက်ရှိတွင် ကာလကြာရှည်ပိတ်ထားသည့် မြဝတီ-မဲဆောက်နယ်စပ်ဂိတ်တံတား ပြန်လည်ဖွင့်လှစ်လိုက်ခြင်းနှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်များက ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှင့်မြှုပ်နှံမှုများလာခြင်းတို့ကြောင့် ထိုင်းဘတ်ငွေဝယ်လိုအား များလာသည်။

ထိုအခင်းအကျင်းများကြောင့် ထိုင်းဘတ်ငွေမှာ လာမည့်အပတ်တွင် အတက်ဘက်တွင် ဆက်ရှိနေမည်ဟု သုံးသပ်ရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံပေါက်ဈေးမှာ အတက်ဘက်ရောက်နေပြီး ဒေါ်လာငွေလဲနှုန်းလည်း တက်ရိပ်ပြကာ တစ်ဒေါ်လာလျှင် ၂၈၈၀ ကျပ် ဝန်းကျင် ဈေးပေါက်နေသည်။

ထိုကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာ လာမည့်အပတ်တွင် အတက်ဈေးတွင် ရှိနေမည့် အနေအထားဖြစ်သည်။