တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2934

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၇ ရက်နေ့မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ

အိန္ဒိယလေကြောင်းလိုင်းတစ်ခု ခရီးသည် ၅၅ ဦးကိုချန်၍ လေယာဉ်ထွက်ခွာ

အိန္ဒိယနိုင်ငံ Kempegowda ပြည်နယ် လေဆိပ်မှာ ဇန်နဝါရီ ၉ ရက်နေ့က ခရီးသည် ၅၅ ဦးကို လေယာဉ်ကွင်းထဲမှာရှိတဲ့ ဘတ်စ်ကားပေါ် ချန်ထားခဲ့ကာ လေယာဉ်ကို ပျံတက်ထွက်ခွာခဲ့ခြင်းတစ်ခု ဖြစ်ပွားခဲပါတယ်။

Bengaluru ကနေ နယူးဒေလီကို ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ထွက်ခွာမယ့် Go First လေကြောင်းရဲ့ ခရီးစဉ်အမှတ် G8-116 လေယာဉ်ဟာ လိုက်ပါမယ့် ခရီးသည်တွေထဲက ၅၅ ဦးကို ဘတ်စ်ကားပေါ် ချန်ခဲ့တာပါ။

နာရီအနည်းငယ်အကြာမှသာ ခရီးသည် ၅၀ ကျော်ကို အခြားလေယာဉ်တစ်စင်းနဲ့ နယူးဒေလီကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ခရီးသည်မေ့ကျန်ခဲ့ခြင်းအပေါ် အိန္ဒိယနိုင်ငံပြည်တွင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနရုံးကနေ Go First လေကြောင်းလိုင်းကို သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

မေ့ကျန်ရစ်ခဲ့တဲ့ ခရီးသည် ၅၅ ဦးစလုံးကို တစ်နှစ်အတွင်း Go First လေကြောင်းနဲ့ ပြည်တွင်း ခရီးစဉ် တစ်ကြိမ် အခမဲ့စီးနင်းခွင့်လက်မှတ်တွေ ထုတ်ပေးသွားမယ်လို့ လေကြောင်းလိုင်းက တောင်းပန်ထားပါတယ်။

Ref: BBC

………………………………..

ဂရိနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် ကွယ်လွန်

အသက် ၈၂ နှစ်အရွယ် ဂရိဘုရင်ဟောင်း ဒုတိယမြောက် ကွန်စတန်တင်း ဘုရင်ဟာ အေသင်မြို့မှာရှိတဲ့ ပုဂ္ဂလိကပိုင် ဆေးရုံတစ်ခုမှာ လေဖြတ်ကာ နတ်ရွာစံ သွားပြီဖြစ်တယ်လို့ ဆရာဝန်တွေက ဒီဇင်ဘာလ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။

ကွန်စတန်တင်းက ဗြိတိန်ရဲ့ တတိယမြောက် ချားလ်စ်ဘုရင်နဲ့ ညီကိုဝမ်းကွဲဖြစ်ပြီး အသက်ရှုရ ခက်ခဲနေလို့ ပြီးခဲတဲ့ အပတ်တည်းက ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ဂရိနိုင်ငံရဲ့ နောက်ဆုံးဘုရင်မင်းဆက်လည်းဖြစ် ဒုတိယမြောက် ကွန်စတန်တင်းက ၁၉၆၄ ခုနှစ် အသက် ၂၃ နှစ်အရွယ်မှာ ဘုရင်ဖြစ်လာခဲ့တာပါ။

နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းပြီး ၁၉၇၃ ခုနှစ်မှာ ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Ref: The Guardian

………………………………..

ဗြိတိန်ရဲ့ ပထမဆုံး ဒုံးပျံမစ်ရှင် ကျရှုံး

ဗာဂျင်အော်ဗင့် ဒုံးပျံဟာ ကမ္ဘာပတ်လမ်းကြောင်းကို မရောက်ရှိခဲ့တဲ့အတွက် ဗြိတိန်ရဲ့ ပထမဆုံးသော အာကာသမစ်ရှင်မှာ ကျရှုံးသွားတယ်လို့ သိရပါတယ်။

ဒုံးပျံကို အင်္ဂလန်နိုင်ငံ ကွန်းဝေါခရိုင် နူးကွေးမြို့ကနေ ဇန်နဝါရီလ ၉ ရက်နေ့က လွှတ်တင်ခဲ့တာပါ။

ဂြိုဟ်တု ၉ လုံးကို တင်ဆောင်ထားတဲ့ အဆိုပါဒုံးပျံက လွှတ်တင်မှု ကျရှုံးသွားခဲ့ပြီး လေထုအထဲမှာပဲ လောင်ကျွမ်းသွားခဲ့တယ်လို့ သတင်းတွေကနေ ဖော်ပြထားပါတယ်။

ဒုံးပျံလွှတ်တင်မှုက ဗြိတိန်မြေကနေ ပထမဆုံး ဒုံးပျံလွှတ်တင်မှုလည်းဖြစ်ပြီး ဂြိုလ်တုတွေကို ဥရောပကနေ ပထမဆုံးအကြိမ် လွှတ်တင်ခြင်းလည်း ဖြစ်ပါတယ်။

Ref: BBC

………………………………..

ရုရှားနဲ့ ယူကရိန်းတို့ အကျဉ်းသားအ‌ယောက်ငါးဆယ်စီ လဲလှယ်

ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိနေခဲ့ပေမဲ့ရုရှားနဲ့ ယူကရိန်းတို့ဟာ ဇန်နဝါရီလ ၈ ရက်နေ့က အကျဉ်းသားငါးဆယ်စီ အလဲအလှယ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ရုရှားစစ်သားအယောက်ငါးဆယ်ကို ကျန်းမာရေးကုသမှုခံယူဖို့ မော်စကိုသို့ လေယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကနေ ပြောကြားခဲ့ပါတယ်။

သဘောတူညီချက်အနေနဲ့ ယူကရိန်းစစ်သား အယောက်ငါးဆယ်ကို ရုရှားဘက်ကနေ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ယူကရိန်းကအတည်ပြုခဲ့ပြီး နောက်ထပ်လဲလှယ်မှုတွေ ထပ်မံလုပ်ဆောင်သွားဖို့ရှိသေးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Ref: REUTERS

………………………………..

တရုတ်နိုင်ငံမှာ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်လို့ လူ ၅ ဦး သေဆုံး

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ဇန်နဝါရီ ၁၁ ရက်နေ့က လူအုပ်ထဲကို ကားနဲ့ဝင်တိုက်မိခဲ့လို့ လူ ၅ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်က တရုတ်ပြည်သူတွေကြား ဒေါသထွက်စရာ ဖြစ်ခဲ့ပြီး ယာဉ်မောင်းအမျိုးသားက လူအုပ်ထဲကို တမင်တကာ တိုက်ခဲ့တာလို့ လူအများက စွပ်စွဲခဲ့ကြပါတယ်။

အွန်လိုင်းပေါ်က ဗီဒီယိုတွေအရ အသက် ၂၂ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားဟာ လူအုပ်ထဲကို ဝင်တိုက်ခဲ့ပြီးနောက် ကားထဲက ထွက်လာပြီး လေပေါ်ကို ပိုက်ဆံတွေ ဖြန့်ကြဲခဲ့တာ တွေ့ရပါတယ်။

ယာဉ်မောင်းအမျိုးသားကို ရဲအရာရှိတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Ref: BBC

………………………………..

အီလွန်မက်စ်က ငွေကြေးအများဆုံးဆုံးရှုံးသူအဖြစ် ကမ္ဘာ့စံချိန်ချိုးခဲ့

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မက်စ်က ငွေကြေးအများဆုံးဆုံးရှုံးသူအဖြစ် ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။

အီလွန်မက်စ်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ဒေါ်လာ ၁၆၅ ဘီလီယံ ဝန်းကျင်ဆုံးရှုံးခဲ့တယ်လို့ ကမ္ဘာဂင်းနက်စ်စံချိန်မှတ်တမ်းက ဆိုထားပါတယ်။

အီလွန်မက်စ်က ပြီးခဲ့တဲ့နှစ်က တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီးနောက် ကြွယ်ဝချမ်းသာမှုတွေ ကျဆင်းလာခဲ့ပြီး Tesla ကားကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေပါ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ ဂျပန်နည်းပညာရင်းနှီးမြှုပ်နှံသူ မာဆာယိုရှိဆွန်ရဲ့ ၂၀၀၀ ခုနှစ်က ဒေါ်လာ ၅၈ ဒသမ ၆ ဘီလီယံဆုံးရှုံးခဲ့တဲ့ စံချိန်ကို ချိုးခဲ့တာပါ။

မာဆာယိုရှိ ဆွန်က ၂၀၀၀ ခုနှစ်မှာ ဒေါ်လာ ၇၈ ဘီလျံကနေ ဒေါ်လာ ၁၉.၄ ဘီလျံထိ လျော့နည်းသွားခဲ့တာပါ။

Ref: BBC

………………………………..

မက္ကဆီကိုမှာ မြေအောက်ရထားမီးလောင်

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ မြေအောက်ရထားလမ်းကြောင်းပေါ်က ရထားတွဲတစီးဟာ ဇန်နဝါရီ ၁၁ ရက်မှာ မီးလောင်ကျွမ်းခဲ့ပါတယ်။

သတင်းတွေအရ စီးနင်းသူတွေ ဒီရထားတွဲပေါ်ကနေ အချိန်မီ ဆင်းသက်နိုင်ခဲ့လို့ ဒဏ်ရာရရှီသူ မရှိဘူးလို့ သိရပါတယ်။

တာဝန်ရှိသူတွေကတော့ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မက္ကဆီကိုစီးတီးမြို့တော် မြေအောက်ရထားစနစ်မှာ မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပြီးနောက် ယခုအကြိမ်က မီးလောင်ကျွမ်းခဲ့တာပါ။

လွန်ခဲ့တဲ့အပတ်ကလည်း ရထားတိုက်မှုတခုအတွင်း လူ ၁ ဦးသေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Ref: El financiero

………………………………..

ပဲရစ်မြို့ဘူတာရုံမှာ ဓားနဲ့ တိုက်ခိုက်မှုဖြစ်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ လူစည်ကားရာ ဂဲဒူနောထ် ရထားဘူတာရုံမှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ဓားကိုင်ထားတဲ့ အမျိုးသားတယောက်ကနေ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် လူ ၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒီတိုက်ခိုက်သူကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့အတူ ဆေးရုံကို ပို့ဆောင်ထားခဲ့ပါတယ်။

တိုက်ခိုက်မှုဖြစ်ရခြင်းရဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီရထားဘူတာရုံဟာ ဥရောပတိုက်က လူအစည်ကားဆုံး နေရာတွေထဲက တခုဖြစ်ပြီး တိုက်ခိုက်သူကို ဖမ်းဆီးခဲ့ပြီးနောက် ဘူတာကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: The Guardian

………………………………..

ကနေဒါမှာ ပြန်ပေးဆွဲခံရသော အမျိုးသမီးကို ရှာဖွေ‌ပေးဖို့ ဆုကြေးငွေထုတ်

ကနေဒါနိုင်ငံ စုံစမ်းစစ်ဆေးရေးမှုးတွေကနေ အီရန်နွယ်ဖွား ကနေဒါနိုင်ငံသူတစ်ဦးကို လူတစ်စုကနေ ရဲတွေလို ဟန်ဆောင်ပြီး ပြန်ပေးဆွဲသွားခဲ့လို့ ကူညီရှာဖွေပေးဖို့ ဆုကြေးငွေ ကနေဒါ ဒေါ်လာတစ်သိန်းနဲ့ ကမ်းလှမ်းထားခဲ့ပါတယ်။

အယ်နက်စ် ဟတ်ရှ်တမီရီလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဇန်နဝါရီလ ၁၂ ရက်နေ့က အွန်တာရီယိုမြို့ ကမ်းခြေအနီးမှာရှိတဲ့ ရပ်ကွက်ထဲ နေတဲ့အချိန် ရဲဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူသုံးဦးရဲ့ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါတယ်။

လူသုံးဦးကနေ ခြေဗလာဖြစ်နေတဲ ဟတ်ရှ်တမီရီကို အိမ်အပြင်ဘက်မှာရှိတဲ့ အသင့်စောင့်ဆိုင်းနေတဲ့ ပြိုင်ကားထဲကို အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့တာပါ။

ပြန်ပေးဆွဲသွားသူတွေထံကလည်း ဟတ်ရှ်တမီရီကို ပြန်ရွေးဖို့ ငွေတောင်းခံမှုတွေမရှိသလို အမှုနဲ့ ပတ်သက်လို့လည်း သတင်းအစအန အနည်းငယ်ပဲ ရရှိနေခဲ့တယ်လို့ ဆိုပါတယ်။

Ref: The Guardian

………………………………..

နယူးယောက်မှာ သူနာပြုထောင်ချီ ဆန္ဒပြခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဆေးရုံနှစ်ရုံမှာလုပ်ကိုင်နေတဲ့ သူနာပြုတွေက လစာတွေ၊ ဝန်ထမ်းအဆင့်တွေနဲ့ ပတ်သက်လို့ စာချုပ်ညှိနှိုင်းမှုတွေ အချိန်ဆွဲခံရပြီးတဲ့နောက် ဇန်နဝါရီ ၉ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါဆန္ဒပြပွဲမှာ ဆေးရုံနှစ်ခုက သူနာပြု ၇၀၀၀ ကျော် ပါခဲ့တယ်လို့ နယူးယောက်ပြည်နယ် သူနာပြုအသင်းကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူနာပြုတွေကို ၁၉ ရာခိုင်နှုန်းကို လုပ်အားခ တိုးမြှင့်ပေးမယ်လို့ ဆေးရုံတွေက ပြောကြားခဲ့ပြီး မွန်တေဖီအိုရေ ဆေးဘက်ဌာနက သူနာပြုရာထူးအသစ် ၁၇၀ ကျော်ကို ဖန်တီးပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

သပိတ်မှောက်မှုကြောင့် စီစဉ်ထားတဲ့ ခွဲစိတ်မှုတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို ပြန်စီစဉ်ခဲ့ရတယ်လို့ ဆေးရုံဘက်က ပြောကြားခဲ့ပါတယ်။

Ref: AP

………………………………..