မြိတ်တွင် ခြိမ်းခြောက်လုယက်မှု ခပ်စိပ်စိပ်ဖြစ်လာ

0
2755

မြိတ်မြို့ရှိ အင်းလေးမြိုင်စက်မှုဇုန်လမ်းတွင် ခြိမ်းခြောက်လုယက်မှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း ရပ်ကွက်နေထိုင်သူအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှစကာ လုယက်မှုများ တကျော့ပြန် ဖြစ်ပွားနေသည်ဟု ဆိုသည်။

ရေထွက်ကုန်လုပ်ငန်းလုပ်ကိုင်နေသည့် ဗင်န်းတေ့ချ်ကုမ္ပဏီ၊ ရေနန်းသူဇာကုမ္ပဏီနှင့် ဘိလပ်မြေစက်ရုံ စသည့်စက်ရုံများတည်ရှိရာ အနောက်ဘက်လမ်းတွင် လုယက်မှုများ အဖြစ်များကြောင်း ရပ်ကွက်နေသူများနှင့် ကုမ္ပဏီဝန်ထမ်းများက ပြောသည်။

ဇန်နဝါရီ ပထမပတ်ကလည်း  ညဘက်အလုပ်မှပြန်လာသည့်  အလုပ်သမားများကို လူနှစ်ဦးက ဓါးရှည်ဖြင့်ခြိမ်းခြောက်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်များ လုယူသွားကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ငါးယောက်(လုယက်ခံရသူ) မှာ တစ်ယောက်က ဒီဘက်ပြန်ပြေးလာတယ်။ ကျန်ရစ်တဲ့ ကောင်လေးတွေမှာ ဖုန်းတွေ ပိုက်ဆံအိတ်တွေ အလုခံလိုက်ရတယ်”ဟု ၎င်းက ပြောသည်။

လုယက်သူများက လက်ကိုင်ဖုန်းနှင့်ပိုက်ဆံအိတ်ကို အဓိကထားလုယက်ကြပြီး ညနေဘက်အလုပ်ပြန်ချိန်တွင်လည်း ဆိုင်ကယ်ဖြင့်လာကာ လုပြေးတတ်ကြောင်း ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးကဆိုသည်။

“အလုပ်ပြန်ချိန်ဆို ကောင်မလေးတွေကသိတဲ့အတိုင်း ဖုန်းပွတ်ပြီး လမ်းလျှောက်အိမ်ပြန်တတ်ကြတယ်။အဲဒီမှာ ဆိုင်ကယ်နဲ့လာလုပြီး မောင်းပြေးကြတာ ခဏခဏ ကြားရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါလမ်းတွင် ယခင်ကတည်းက လုယက်ခံရမှုများရှိသော်လည်း လက်ရှိအချိန်တွင် ပိုအဖြစ်များလာကြောင်း ကုမ္ပဏီဝန်ထမ်း အချို့က ဆိုသည်။

အဆိုပါလမ်းတွင် လူနေအိမ်မရှိဘဲ လူပြတ်သည့်နေရာဖြစ်နေခြင်းက လုယက်ရန် အခွင့်အလမ်းဖြစ်နေသည်ဟု ရပ်ကွက်နေသူများက ပြောသည်။

ကုမ္ပဏီများနှင့် လူနေရပ်ကွက်များသို့ သွားလာနိုင်သည့် လမ်းသုံးလမ်းရှိသည့်အနက် အလုပ်သမားများနှင့် ငါးဖမ်းလှေသားများက အထက်ပါလမ်းကိုသာ ပိုမိုအသုံးပြုသွားလာကြသည်။

ဒီဇင်ဘာ ၂၇ ရက်ညကလည်း အဆိုပါလမ်းအနီးရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။