တောင်ပိုင်း‌ရောက်လာသည့် ကြွက်မနိုင်ကျီမီးရှို့ ဗျူဟာ

0
3140

ခဲဖောင်လုပ်သား ဦးဝင်းမောင်တစ်‌ယောက် မီးလောင်ထားသည့် နေအိမ်အပျက်အစီးပုံကြီးကိုကြည့်ရင်း ယူကျုံးမရ ဖြစ်နေသည်။

သူ့ချွေးနည်းစာဖြင့် ရှာဖွေစုဆောင်းပြီး ကြိုးစားတည်ဆောက်ခဲ့ရသည့် မိသားစု၏နေအိမ်ဗိမာန်လေးမှာ ပြာပုံအဖြစ်သို့ မျက်စိရှေ့မှာပင် ပြောင်းလဲသွားပြီဖြစ်သည်။

“တော်တော်လေးကို ပင်ပင်ပန်းပန်းနဲ့ စုဆောင်းပြီးတော့ ဆောက်ထားရတာ၊ အဲဒီအတွက်လည်း ပိုပြီးဝမ်းနည်းတယ်ပေါ့။  ကိုယ်ချွေးနဲ့ရင်းပြီး ဆောက်ထားရတာ၊ အဲလိုဖြစ်သွားရတာ ယုံကိုမယုံနိုင်ဘူး” ဟု ဦးဝင်းမောင်က ဆို့နင့်စွာ ပြောသည်။

ထားဝယ်မြို့နယ် အရှေ့တောဒေသဟုခေါ်သည့် ဝကုန်းရွာရှိ ဦးဝင်းမောင်၏ နေအိမ်အပါအဝင် နေအိမ် ၁၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့က ထားဝယ်အရှေ့တောဒေသသို့ စစ်ကြောင်းထိုးလာသော အင်အားရာချီသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက လမ်းတစ်လျှောက် ခုခံတိုက်ခိုက်ခဲ့ကြသည်။

အဆိုပါလမ်းမှာ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ထီးခီးဘက်ခြမ်းသို့ သွားရာလမ်းဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် KNUနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် ဒေသလည်းဖြစ်သည်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်များ၏ လမ်းတစ်လျှောက် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများကို စစ်ကောင်စီတပ်က တောက်‌လျှောက်ခံလိုက်ရသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင်မူ စစ်ကောင်စီတပ်များ ဝကုန်းရွာအတွင်းရောက်လာကြပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ် ၁၅ လုံး မီးလောင်ပြာကျသွားသည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ်အောက်တိုဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် နေအိမ်၊ အဆောက်အအုံ ပေါင်း ၃၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ISP-Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

နေအိမ်များကိုမီးရှို့မှုမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံးဖြစ်နေရာမှ မြန်မာနိုင်ငံတောင်ဘက်အစွန်း တနင်္သာရီတိုင်းဘက်သို့  မီးရှို့မှုများ ကူးစက်လာနေသည်။

စစ်ကောင်စီတပ်အား ခုခံတွန်လှန်မှု အရှိန်မြင့်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မီးရှို့ခံရသည့်နေအိမ်မှာ သောင်းချီအထိရှိသည်။

တနင်္သာရီတိုင်းတွင်လည်း ထားဝယ်အရှေ့တောဒေသကဲ့သို့ နေအိမ်မီးရှို့ခံရသည့်ဖြစ်စဉ်များ ခပ်စိပ်စိပ်ရှိလာသည်။

ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ပုလောမြို့နယ် တိုရွာ၊ တန်းရှင်းရွာနှင့် သင်္ကန်းတောရွာ တိုက်ပွဲအတွင်း လူနေအိမ် အနည်းဆုံး ၆၉ လုံး  မီးရှို့ခံခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ စစ်ကြောင်းထိုးလာသည့်အချိန်တွင် ဒေသခံများကို မိမိအိမ်တွင်သာနေကြရန် ပြောဆိုခဲ့ပြီး အိမ်တွင်လူမရှိပါက တစ်ရွာလုံးကို မီးရှို့ပစ်မည်ဟု ပြောဆိုထားသည်ဟု ဆိုသည်။

သို့ရာတွင် ပစ်ခတ်တိုက်မှုများနှင့် စစ်ကောင်စီစစ်ကြောင်း ရွာအတွင်းဝင်လာပါက ဖမ်းဆီးစစ်ဆေးခံရခြင်းနှင့် အခန့်မသင့်ပါက အသက်အန္တရာယ်ပါကြုံရနိုင်သည့်အတွက် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ရွာသားတွေက သူတို့ကို ဘာလည်းမလုပ်။ ဘာအပြစ်လည်းမရှိပဲနဲ့ ဒီလိုလုပ်သွားတဲ့အပေါ် တော်တော်လေးခံပြင်းပြီး ယူကြုံးမရဖြစ်ရတာပေါ့ဗျာ။ကျွန်တော်တို့က သာမန် အလုပ်သမားတွေလေ”ဟု ပုလောမြို့နယ်အတွင်း မီးရှို့ခံရသည့်နေအိမ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

Southern Monitor ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ တနင်္သာရီတိုင်းအတွင်း အရပ်သားနေအိမ် ၁၈၈ လုံး မီးရှို့ဖျက်ဆီးခံထားရသည်။

တိုင်းအတွင်း နေအိမ်မီးရှို့ခံရမှုအများဆုံးမြို့နယ်မှာ ပုလောမြို့နယ်ဖြစ်ပြီး နေအိမ် ၁၁၅ လုံး မီးရှို့ခံခဲ့ရသည်။

နေအိမ်မီးရှို့ခြင်းကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက လုပ်ဆောင်ခဲ့သည်ဟုလည်း Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Southern Monitor သည် တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး၊ ပဋိပက္ခအခြေနေ၊ စစ်ဘေးရှောင် ပြည်သူများအရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို စောင့်ကြည့်လေ့လာနေသည့် သုတေသနအဖွဲ့တစ်ခု ဖြစ်သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာရှိ လူနေအိမ် ၅ လုံးမီးရှို့ခံခဲ့ရသည်။

မီးလာရှို့သူများမှာ ရေလမ်းခရီးမှတစ်ဆင့် လာရောက်ကြခြင်းဖြစ်ပြီး အနက်ရောင်အရပ်ဝတ် ဝတ်ထားသူ ၂၀ ခန့်က လက်မောင်းတွင် အဖြူရောင်လက်ပတ်များ တပ်ဆင်ထားကြောင်း ဒေသခံများက ဆိုသည်။

ဟင်းချိုတောရွာ နေအိမ်မီးရှို့ခံရမှုတွင် မီးလောင်သွားသည့် အိမ်များမှာ NLD ပါတီ ဝန်ရံဖူးသူများဖြစ်နေခြင်း၊ မီးလာရှို့သူများ ကိုင်ဆောင်ထားသည့် သေနတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် အမှတ်အသားများ တွေ့ရှိရခြင်းတို့ကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

နှစ်ပေါင်းများစွာ ကုတ်ခြစ်စုဆောင်းပြီး တည်ဆောက်ထားရသည့် နေအိမ်မှာ နာရီပိုင်းအတွင်းမှာပင် ပြာပုံဖြစ်သွားခဲ့ရကြောင်း ဟင်းချိုတောရွာမှ မီးရှို့ခံရသည့် နေအိမ်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

“ရက်ရက်စက်စက်ကိုလုပ်သွားတာပါ။ အိမ်ထဲဝင်ပြီးကိုမီးရှို့သွားတာ။ အိမ်တစ်ဆောင်လုံးပြည့်ဖို့ ဆယ်နှစ်လောက် တဖြည်းဖြည်းချင်း ဖြည့်ပြီးလုပ်ထားရတာပါ။ အိမ်သစ်တက်ထားတာ တစ်နှစ်လောက်ပဲရှိသေးတယ်။ အခုမီးထဲပါသွားပြီ။ ယုံတောင်မယုံနိုင်ဘူးဗျာ” ဟု အထက်ပါအမျိုးသားက ဆိုသည်။

ဇန်နဝါရီလ ၆ ရက်ကလည်း လောင်းလုံးမြို့နယ် သကျက်တောကျေးရွာရှိ နေအိမ် နှစ်လုံးနှင့် ထန်းရည်တဲတစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ထားဝယ်အရှေ့တောနယ်ဖြစ်သည့် ဝကုန်းရွာတွင် မီးရှို့ခံရသည့် နေအိမ် ၁၅ လုံးဟု ဆိုသော်လည်း မီးမလောင်သည့် နေအိမ်များကိုပါ စစ်ကောင်စီတပ်က ဖျက်ဆီးသွားခဲ့ကြောင်း ရွာခံအမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသမီးမှာ အသက် ၈၀ ကျော်အရွယ် မိဘနှစ်ပါးနှင့်အတူ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသူဖြစ်ပြီး လက်ရှိတွင် ၎င်း၏နေအိမ်မှာ မီးလောင်ပြာကျသွားပြီဖြစ်သည်ဟု ဆိုသည်။

“ကျွန်မတို့မှာ အိမ်မရှိတော့ဘူးရှင်။ ကျွန်မတို့အစ်ကိုရဲ့ ဥယာဉ်ခြံတဲမှာ နေတယ်ရှင်။ ကျွန်မတို့ အိမ်တွေကတော့ မီးလောင်တယ်။ မီးမလောင်တဲ့ အိမ်တွေကလည်း မီးလောင်တဲ့ အိမ်တွေထက်ဆိုးတယ် ဖျက်ဆီးပစ်ခဲ့တာ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကျေးလက်ဒေသများတွင် နေထိုင်သူများမှာ ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရေးမှာ ဘဝအိမ်မက်တစ်ခုပင်ဖြစ်သည်။

ယင်းကြောင့်ပင် ရသမျှစုဆောင်းကာ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်နိုင်ရေး ဦးတည်ချက်ထား လုပ်ဆောင်လေ့ရှိကြသည်။

ကိုယ်ပိုင်အိမ်တစ်လုံး ဖြစ်လာရေးအတွက် အခက်အခဲပေါင်းများစွာ ကြုံတွေ့ဖြတ်သန်းကြရသဖြင့် အိမ်ကိုအလွန်တန်ဖိုးထားကြသူများဖြစ်သည်။

“သူတို့ကိုယ်ချင်းမစာလို့ ရှို့တာပေါ့၊ ပင်ပင်ပန်းပန်း လုပ်စားထားရတာကို နားမလည်လို့ တန်ဖိုးမသိလို့ ရှို့တာလို့ပဲ ထင်တယ်” ဟု ဝကုန်းရွာမှ ဦးဝင်းမောင်က ဆို့နင့်စွာ ပြောဆိုလိုက်သည်။