ပရဟိတအဖွဲ့ဝင်များကို လူဦးရေစာရင်းကောက်ရာတွင် အဓမ္မထည့်သွင်းမှုရှိနေ

0
3143
ဓာတ်ပုံ - We Love Tanintharyi

တနင်္သာရီတိုင်းရှိ လူဦးရေစာရင်းကောက်ယူရေးအဖွဲ့တွင် ပရဟိအဖွဲ့ဝင်များကို ကာယကံရှင်ဆန္ဒမပါဘဲ အဓမ္မထည့်သွင်းထားမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

လူဦးရေစာရင်းကောက်အဖွဲ့ လုံခြုံရေးခေါင်းစဉ်ဖြင့် နာရေးကူညီမှု၊ အရေးပေါ်ကားအသင်း စသည်တို့မှ ပရဟိတအဖွဲ့ဝင်များကို ကာယကံရှင်များ၏ သဘောထားမေးမြန်းမှုမရှိဘဲ ထည့်သွင်းထားခြင်းဖြစ်သည်။

သို့သော်ကျေးရွာ၊ ရပ်ကွက်တိုင်းတွင် ထိုကဲ့သို့ထည့်သွင်းထားခြင်းမျိုး မဟုတ်ဘဲ  အချို့ကျေးရွာများတွင်သာ ထည့်သွင်းထားခြင်းဖြစ်သည်။

“ကျွန်တော်တို့အဖွဲ့မှာဆို ငါးယောက်စာရင်းပါနေတယ်။ ကျွန်ဝောာ်တို့ဆန္ဒမပါဘဲ စာရင်းထည့်လိုက်တာ” ဟု ထားဝယ်ခရိုင်ရှိ ကျေးရွာတစ်ရွာမှ ပရဟိတအဖွဲ့ဝင်တစ်ဦးကဆိုသည်။

အချို့ကျေးရွာများတွင်မူ ကိုယ်တိုင်ဆန္ဒမပါသော်လည်း မိသားစုလုံခြုံရေးကဲ့သို့သော ငြင်းမရသည့် အနေအထားမျိုးကြောင့် မဲစာရင်းကောက်အဖွဲ့တွင် ပါဝင်နေရသူများလည်းရှိကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ ထိန်းချုပ်ထားသည့် ကျေးရွာများတွင် ယင်းကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“စာရင်းထဲထည့်ထားတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ လိုအပ်လာရင် အဲဒီအဖွဲ့မှာ ပါပေးဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးက လိုက်‌ပြောထားတာရှိတယ်လို့ ကြားရတယ်။ ကျွန်တော်တို့မှာက သူတို့လက်ထဲမှာရှိနေတော့ လာပြောရင် မလုပ်ချင်ဘူးလို့ ပြန်ပြောဖို့ကလည်း မပြောချင်ဘူးလေ” ဟု လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာက ဒေသခံတစ်ဦးကဆိုသည်။

တစ်ဖက်တွင် စစ်ကောင်စီ၏ လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့တွင် ပူးပေါင်းပါဝင်သူများကို အကြမ်းဖက်မှုဥပဒေဖြင့် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ကြေညာထားသည်။

ယင်းကြောင့် ဆန္ဒမပါဘဲ လူဦးရေစာရင်းကောက်ယူရေးအဖွဲ့တွင် ထည့်သွင်းခံထားရသူများမှာ အန္တရာယ်ကျရောက်လာမည်ကို စိုးရိမ်လျက်ရှိသည်။

“ကြားညှပ်နေတာပေါ့ဗျာ။ မလုပ်ပြန်ရင်လည်း သူတို့ပြောတဲ့အတိုင်းမလုပ်လို့ဆိုပြီး အဖမ်းပဲခံရမလား။ လုပ်လိုက်ပြန်ရင်လည်း တစ်ဖက်က (တော်လှန်ရေးအဖွဲ့ဘက်က) သိသွားပြီး ရန်ပြုလာမလား အဲလိုမျိုး နှစ်ဖက်စလုံးကို ကြောက်နေရတာပေါ့” ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးကဆိုသည်။

ယင်းအပြင်စစ်ကောင်စီ၏ မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းနှင့်ပတ်သက်ပြီး ပြည်သူများမှာ စိုးရိမ်စိတ် အမျိုးမျိုးဖြစ်နေကြသည်။

လူဦးရေစာရင်းကောက်ရာတွင် အိမ်မှာအကြောင်းအမျိုးမျိုးကြောင့် ရှိမနေသည့်သူများမှာ အန္တရာယ်ကျရောက်မည်ကို စိုးရိမ်နေကြရသည်။

အချို့မှာ ဆန္ဒပြသပိတ်မှောက်ရာတွင် ပါဝင်နေခြင်း၊ CDM၊ PDF စသည်တို့ကြောင့် နေအိမ်တွင် မနေနိုင်သူများ ရှိသလို မိသားစုစားဝတ်နေရေးကြောင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေ၍ နေရပ်တွင် မရှိသူများလည်းရှိရာ ကျန်ရစ်သူ မိသားစုများက ဖြေရှင်းမရဖြစ်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

“သူတို့မေးတဲ့အချိန် ထိုင်းမှာအလုပ်သွားလုပ်နေတယ် ပြောပြလည်း သူတို့မယုံဘူးဆိုရင် ကိုယ်ကဘာမှ လုပ်လို့မရဘူးလေ” ဟု အသက် ၅၀ ကျော်အရွယ် ရေဖြူ‌မြို့နယ်‌ ဒေသခံတစ်ဦးကဆိုသည်။

စစ်ကောင်စီဘက်ကမူ လူဦးရေစာရင်းကောက်ယူရေးကို ဇန်နဝါရီလ ၉ ရက်မှစပြီး ၃၁ ရက်နေ့အထိ မြေပြင်ကွင်းဆင်းကောက်ယူရန် လက်တွေ့လုပ်ဆောင်နေပြီ ဖြစ်သည်။

တော်လှန်ရေး အင်အားစုများဘက်ကမူ စစ်‌ကောင်စီ၏ လူဦးရေစာရင်းကောက်ယူခြင်းသည် တော်လှန်ရေးရဲဘော်များ၊ CDM များနှင့် ၎င်းတို့၏မိသားစုဝင်များကို ပစ်မှတ်ထားရှာဖွေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ မပူးပေါင်းကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။