နတ်တွင်းရွာ မင်္ဂလာဆောင်တွင် ဗုံးပေါက်

0
3539

ရေဖြူမြို့နယ်၊ နတ်တွင်းရွာ မင်္ဂလာဆောင်တစ်ခုတွင် ယနေ့(ဇန်နဝါရီ ၁၂ )မနက် ၉နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

မင်္ဂလာ ဘိသိက်သွန်းအပြီး ကျွေးမွေးဧည့်ခံနေစဉ် မဏ္ဍပ်အဝင်ဝရှိ မင်္ဂလာလက်ဖွဲ့ စာရင်းရေးသည့် စားပွဲအနီး ပေါက်ကွဲခြင်းဖြစ်သည်ဟု မျက်မျက်တွေ့ရှိသူ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“အသံကြားတာပဲ သိလိုက်တယ်။ လူက ထုံသွားပြီး သတိဝင်လာချိန် ဖုံတွေတစ်လိမ့်လိမ့်တက်လာတာ‌ တွေ့တယ်။ ယမ်းနံလည်းရတယ်”ဟု ထိုအမျိုးသမီးကပြောသည်။

ဗုံးပေါက်ကွဲသည့်အိမ်မှာ နတ်တွင်းရွာသားများဖြစ်သည့် ဦးကျော်အောင် ဒေါ်ချိုမာအေးတို့ မင်္ဂလာနေအိမ်ဖြစ်သည်။

အဆိုပါပေါက်ကွဲမှုကြောင့် အမျိုးသား၊အမျိုးသမီး ခြောက်ဦးခန့် မှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟုသိရပြီး ထိတ်လန့်ပြီး ထွက်ပြေးကြသည့်အတွက်ကြောင့် ချော်လဲကာ ဒဏ်ရာရရှိသူများလည်းရှိသည်ဟု အထက်ပါအမျိုးသမီးကပြောသည်။

“ခြေထောက်တွေ လက်တွေမှာ ပွန်းပဲ့ကြတာပဲရှိတယ်”ဟု ၎င်းကပြောသည်။

အသံကြယ်လောက်စွာကြားရပြီး ထိခိုက်မှုနည်းသည့်အတွက် အသံဗုံးဟု ဒေသခံအများစုက ခန်မှန်းပြောဆိုလျက်ရှိသည်။

နတ်တွင်းရွာတွင် ယခုလ ၁ ရက်နေ့က ကျင်းပပြီးစီးသည့် မင်္ဂလာဆောင်ကိုလည်း မကျင်းပရန် သတိပေးမှုများရှိခဲ့ကြောင်း၊ သို့သော်မင်္ဂလာပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

ထိုသို့သတိပေးခြင်းနှင့် ယခုလိုဖောက်ခွဲမှုကို မည်သူတို့က ပြုလုပ်ခဲ့သည်ဆိုသည်ကို Dawei Watch အနေဖြင့် စုံစမ်းသိရှိရခြင်းမရှိသေးပေ။

အလားတူ ပြီခဲ့သည့်လ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ဝေဒီရွာမင်္ဂလာဆောင်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားအမျိုးသမီး ဆယ်ဦးကျော်ခန့် ဒဏ်ရာရရှိခဲ့သည်။

၎င်းတို့အနက် အမျိုးသားနှစ်ဦး အမျိုးသမီးလေးဦးမှာ ပြင်းထန်ဒဏ်ရာရသဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရသည်။

အဆိုပါဖြစ်ရပ်အပေါ် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Launglone People Defence Force-LLPDF(လောင်းလုံး-ပကဖ)နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့အသီးသီးက အပြင်းအထန် ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးမှုများ ရှိလာသည့်အတွက်ကြောင့်လည်း ပြည်သူများ အချိန်နှင့်အမျှ သတိရှိရန်နှင့် အလှူမင်္ဂလာပွဲ၊ ပျော်ပွဲရွှင်ပွဲများ၊ ကမ်းခြေများနှင့် လူစုလူဝေးများ ရှောင်ရှားကြရန်လည်း အထက်ပါ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက ထုတ်ပြန်တိုက်တွန်းထားသည်။