အင်းဝန်းရွာလောင်းကစားဝိုင်း PDF ကသေနတ်ပစ်ဖောက်သတိပေး

0
2731

အင်းဝန်းရွာတွင်ပြုလုပ်နေသော လောင်းကစားဝိုင်းကို PDF အဖွဲ့က သေနတ်ပစ်ဖောက်သတိပေးမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

မနေ့(ဇန်နဝါရီ ၁၁)က ညနေ သုံးနာရီခန့်တွင် သေနတ်ကိုင်လူငယ် ၆ ဦးခန့်က သေနတ်ပစ်ဖောက်ပြီးနောက် လောင်းကစားဝိုင်းတွင်ရှိနေသူများအား နောက်ထပ်မပြုလုပ်ရန် သတိပေးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဘာမှမလုပ်ဘူး နောက်မလုပ်ဖို့ပဲ သတိပေးသွားတယ် “ဟု၎င်းကပြောသည်။

သေနတ်ပစ်ဖောက်မှုကြောင့် လောင်းကစားပြုလုပ်နေကြသည့် ရွာခံအချို့ မှာ ရွာအရှေ့ဘက်လယ်ကွင်းဘက်ကို ပြေးထွက်သွားသည်ဟု မျက်မြင်တွေ့ရှိသူအခြား ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“သေနတ်သံက‌ ခြောက်ချက်လောက်ရှိမယ်။ အပေါ်ထောင်ပစ်တာ လယ်ကွင်းထဲကို လူတွေထွက်ပြေးလာတာ တွေ့ရတယ်”ဟု၎င်းကပြောသည်။

အင်းဝန်းရွာသည် ထားဝယ်မြို့အနီး လောင်းလုံးမြို့နယ်ထဲတွင်ရှိပြီး လောင်းလုံး-ထားဝယ်ကားလမ်းမမှ တစ်ဖာလုံခန့် အကွာတွင်ရှိကာ ရွာပတ်လည်ကို လယ်ကွင်းများဝန်းရံထားသော ကျေးရွာငယ်လေးဖြစ်သည်။

“လေးပြားဖဲကစားနည်းရှိမယ်၊ ဖဲကစားနည်းရှိမယ် ငွေကြေးက များများစားစားတော့မဟုတ်ဘူး”ဟု ရွာခံတစ်ဦးကပြောသည်။

အလားတူ ပြီးခဲ့သည့်သုံးလေးရက်ခန့်ကလဲ လောင်းလုံးမြို့နယ် ဂေါ့အင်းရွာတွင် ပြုလုပ်နေသည့် လောင်းကစားဝိုင်းတစ်ခုကိုလည်း PDF အဖွဲ့က ယခုလို ဝင်ရောက်သတိပေးခဲ့သေးသည်။

အာဏာသိမ်းပြီးနောက် ထားဝယ်ခရိုင်ထဲရှိ အချို့ကျေးရွာများတွင် လောင်းကစားဝိုင်းများ ခေါင်းထောင်ထလာပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအချို့နှင့် ပျူစောထီးခေါင်းဆောင်များက ဦးဆောင် ပြုလုပ်‌လေ့ရှိသည်။

အထွေထွေအကျပ်အတည်း ကြုံတွေ့နေရသည့် ပြည်သူများမှာ လောင်းကစားဘက် အာရုံကျလေ့ရှိပြီး လောင်းကစားရှုံးနိမ့်မှုကြောင့် ပိုမိုကျပ်တည်းလာနေသည်။

PDF အဖွဲ့က မကြာခဏသတိပေး ဖမ်းဆီးမှုအချို့ ပြုလုပ်ခဲ့သော်လည်း အချို့ကျေးရွာများတွင် လောင်းကစားဝိုင်းများ ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းအပြင် အွန်လိုင်းလောင်းကစားများလည်း ပိုမိုခေတ်စားလာနေပြီး အွန်လိုင်းလောင်းကစားအများစုမှာ ထိုင်းနိုင်ငံဘက်တွင် အခြေစိုက်လေ့ရှိသည်။