ရေဖြူ ပိတောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရ

0
2915

ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး အပစ်ခံရကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။

အပစ်ခံရသူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ဝင်းဆိုသူဖြစ်သည်။ ၎င်းသည် NLD အစိုးရလက်ထက်ကလည်း ပိတောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

ဦးကျော်ဝင်းအား ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( YPPDF) က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးကျော်ဝင်းမှာ လက်နက်ကိုင်ဆောင်ထားသူဖြစ်သောကြောင့် လာရောက်ပစ်ခတ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“သေသလား ရှင်သလားတော့မသိ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်” ဟု၎င်းကပြောသည်။

ဦးကျော်ဝင်းမှာ ထားဝယ်ဇာတိမဟုတ်ဘဲ ပိတောက်ကုန်းရွာသူနှင့် အိမ်ထောင်ကျကာ ယင်းကျေးရွာတွင် အခြေချနေထိုင်သူဟုဆိုသည်။

စစ်ကောင်စီလက်ထက်တွင်လည်း အုပ်ချုပ်ရေးမှူးဆက်လက် လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

၎င်းသည် ကျေးရွာအတွင်း ဆက်ကြေးကောက်ခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ပြည်သူများဖမ်းဆီးခံရအောင် ကူညီပေးခြင်း၊ လက်နက်ကိုင်ဆောင်ထားသူဖြစ်ခြင်း၊ ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်ခြင်းတို့ လုပ်ဆောင်နေသဖြင့် YPPDF အဖွဲ့က ပစ်ခတ်ရှင်းလင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီက မဲထည့်မယ့် ကိစ္စတွေမှာ သူ့သမီးကို စာရေးမခန့်ပြီး မဲစာရင်းကောက်ခိုင်းတာတွေ လုပ်ကိုင်နေတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

‌သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းကြောင့် တင်ပါးဒါဏ်ရာရရှိပြီး အဆိုပါအုပ်ချုပ်ရေးမှုးမှာ ထားဝယ်တွင် ဆေးကုသမှုခံယူနေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့မွန်းလွဲပိုင်းကလည်း ရေဖြူမြို့နယ်၊နဘုလယ်ဒေသ လဲရှောင်ရွာတွင် NLD အစိုးရလက်ထက်အုပ်ချုပ်ရေးမှူး ဟောင်းတစ်ဦးဖြစ်သူမှာလည်း ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။