ဟိုတယ်ထားဝယ်ပိုင်ရှင်၏ မူးယစ်ဆေးဝါးအမှုတွင် စစ်ကောင်စီခေါင်းဆောင် မိသားစု၏ ပိုင်ဆိုင်မှုများပါဝင်နေ

0
3250

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးအမှုတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သားသမီးများ၏ ပိုင်ဆိုင်မှုတစ်ချို့လည်း ပါဝင်နေခဲ့ကြောင်း Justice For Myanmar က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဒေါက်တာထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ဖမ်းဆီးသိမ်းဆည်းခဲ့သော ပစ္စည်းများတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သော အိပ်ခန်းလေးခန်းပါ အဆင့်မြင့် ဇိမ်ခံကွန်ဒိုအခန်းတစ်ခန်းနှင့် သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်၏ Siam Commercial Bank ၏ ဘဏ်စာအုပ်နှစ်အုပ် ပါဝင်နေကြောင်း Justice For Myanmar က ထုတ်ပြန်ခဲ့သည်။

ဒေါက်တာထွန်းမင်းလတ်ကို လုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ပြီးခဲ့သောနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို၌ ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့်အတူ ဘတ်သန်း ၂၀၀ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီးနောက် ဒေါက်တာထွန်းမင်းလတ်၏ ဘတ်သန်း ၁၈၀၀ ကျော်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းလိုက်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတရားရေးဝန်ကြီးက ကြေညာခဲ့သည်။

ဘန်ကောက်မြို့ Belle Grand Rama 9 ရှိ ကွန်ဒိုတိုက်ခန်းနှင့် ဘဏ်စာအုပ်များသည် ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းဆီးခဲ့သောအချိန်၌ ထိုင်းရဲတပ်ဖွဲ့များမှ လက်ပူးလက်ကြပ်မိခဲ့သော ပစ္စည်းစာရင်းများတွင် ပါဝင်နေကြောင်း Justice For Myanmar က ဖော်ပြထားသည်။

အဆိုပါတိုက်ခန်းကို ရိုဟင်ဂျာများ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော ၂၀၁၇ ခုနှစ်တွင် ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလပေါက်ဈေးအနေဖြင့် ဘတ် ၃၃ သန်းဝန်းကျင် (ဒေါ်လာ ၁ သန်းခန့်) တန်ဖိုးရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

Belle Grand Rama 9 ကွန်ဒိုသည် ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းဆီးရမိခဲ့သော ကွန်ဒိုမီနီယံဖြစ်ပြီး အဆိုပါကွန်ဒိုတွင် ဒေါက်တာထွန်းမင်းလတ်က ၎င်း၏အမည်နှင့် ဇနီးဖြစ်သူအမည်များ တွဲလျက်ပါသော အခန်း ၃ ခန်းကို ပိုင်ဆိုင်ထားကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

ဒေါ်ခင်သီရိသက်မွန်အမည်ဖြင့် ဖွင့်ထားသော ဘဏ်စာအုပ်နှစ်အုပ်ကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းရမိထားခဲ့ပြီး ဘဏ်အကောင့်ကို သိမ်းဆည်းခဲ့ခြင်းမရှိသေးဘဲ ဆက်လက်အသုံးပြုခြင်းရှိမရှိကိုလည်း အတည်မပြုရသေးကြောင်း Justice For Myanmar က ထုတ်ပြန်ခဲ့သည်။

လက်နက်ပွဲစားလည်းဖြစ်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ကို အနည်းဆုံးထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတို့ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စွဲချက်တင်ထားခဲ့သည်။

ဒေါက်တာထွန်းမင်းလတ်ကို စွဲဆိုထားသော ရာဇဝတ်မှုများနှင့် စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများကြားတွင် ဆက်စပ်နေသော သက်သေအထောက်အထားများ ရှိသော်လည်း ထိုင်းရဲတပ်ဖွဲ့များမှ သားသမီးများကို စုံစမ်းစစ်ဆေးမှု တိုးချဲ့လုပ်ဆောင်ထားခြင်း မရှိသေးကြောင်း Justice For Myanmar က ဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့များသည် လက်ဝယ်တွေ့ရှိထားသော ပစ္စည်းများကို သိမ်းဆည်းထားခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများကို ထပ်မံစုံစမ်းစစ်ဆေးရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် Justice For Myanmar မှ တောင်းဆိုထားသည်။

အသက် (၅၃) နှစ်အရွယ် ဒေါက်တာထွန်မင်းလတ်သည် စစ်ကောင်စီတပ်ဖွဲ့အတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူ ထောက်ပံ့ပေးနေသူဖြစ်ကြောင်းကိုလည်း ထိုင်းရဲတပ်ဖွဲ့က အခိုင်အမာပြောကြားထားသည်။

ဒေါက်တာထွန်းမင်းလတ်သည် Allure Group နှင့် Star Sapphire Group စသော ကုမ္ပဏီများမှတစ်ဆင့် သတ္တုတူးဖော်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများတွင်လည်း စစ်ကောင်စီနှင့် ချိတ်ဆက်လုပ်ကိုင်နေကြောင်း Justice For Myanmar မှ ထုတ်ပြန်ထားသည်။

ဒေါက်တာထွန်းမင်းလတ်၏ Star Sapphire Hotel Co.,Ltd သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ထားဝယ်မြို့ ဗျောတောဝရပ်ကွက်ရှိ မြေဧရိယာ ၄ ဧက နီးပါးပေါ်၌ B.O.T စနစ်ဖြင့် Hotel Dawei ကို ငှားရမ်းလုပ်ပိုင်ခွင့်ရရှိခဲ့သည်။

မြေငှားရမ်းကာလသည် နှစ် ၃၀ ဖြစ်ပြီး နောက်ထပ်သက်တမ်း ထပ်မံတိုးခွင့်ရှိကာ ကုမ္ပဏီမှ မြေနေရာအသုံးပြုခအနေဖြင့် တစ်လလျှင် မြန်မာငွေကျပ် ၁ သန်းသာ ပေးချေရကြောင်း Justice For Myanmar မှ ထုတ်ပြန်ထားသည်။